၂၂. ၈. ၂၀၂၃
Written by Peya
မြန်မာနိုင်ငံမှ သိန်းခြောက်ဆယ်ကျော်တန်ဖိုးရှိ ဒေါ်လာအတုများ ဝယ်လာမိသော မြန်မာကျောင်းသားတစ်ဦး တောင်ကိုရီးယားတွင် ရဲစခန်းသို့ ခေါ်ဆောင် စစ်ဆေးခံရကြောင်း Top Korea ပညာရေးစင်တာက ၎င်းတို့ ကူညီပေးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံကလာသော အဆိုပါ ကျောင်းသားသည် တောင်ကိုရီးယားနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း လေဆိပ်ရှိ ငွေလဲကောင်တာတွင် အဆိုပါ နိုင်ငံသုံးငွေ ဝမ် နှင့် လဲလှယ်ရန် မြန်မာကျပ်ငွေ သိန်းခြောက်ဆယ်ခန့် တန်ဖိုးရှိ ဒေါ်လာများကို ပေးခဲ့ရာ ကောင်တာရှိ စက်တွင် စစ်ဆေးစဉ် အဆင်မပြေသည့်အတွက် လေဆိပ်မှ ထွက်လာခဲ့ကြောင်း သိရသည်။
“ဒီကနေ့ (ဩဂုတ်လ ၂၁ ရက်) ကိုရီးယားနိုင်ငံရဲ့ မြို့နယ်တစ်ခုမှာရှိတဲ့ ဘဏ်ကိုသွားပြီး လေဆိပ်မှာလဲလို့မရခဲ့တဲ့ ဒေါ်လာတွေကို ဘဏ်ဖြစ်တဲ့အတွက် လဲလို့ရမယ်ဆိုတဲ့အထင်နဲ့ ရိုးသားစွာ သွားရောက် ငွေလဲဖို့သွားတဲ့အခါ ဘဏ်ဝန်ထမ်းက အဲဒီဒေါ်လာတွေကို စစ်ကြည့်ပြီး အတုနဲ့ တူတယ်လို့ ပြောပြီး အကြိမ်ကြိမ်စစ်နေခဲ့တယ်။ ဘဏ်ဝန်ထမ်းက အဲ့ဒီလို စစ်နေရင်း သိပ်မကြာပါဘူး။ ရဲ ၅ ယောက် ချက်ချင်းဆိုသလို ရောက်လာပြီး ကျောင်းသားရဲ့ ပတ်စပို့ စတဲ့ ကိုယ်ပိုင်အချက်အလက်တွေတောင်း စစ်ကြည့်ပြီး ထိုကျောင်းသားကို ရဲစခန်းကို ခေါ်သွားပါတယ်။ ကျွန်တော်လည်း ငွေလဲဖို့ ကျောင်းသားနဲ့အတူ ဘဏ်ထဲ လိုက်ပါသွားတာမို့ ဖြစ်သမျှ အကြောင်းစုံကို ဘဏ်ဝန်ထမ်းပြောပြလို့ သိနေတာမို့ ရဲတွေကို အတတ်နိုင်ဆုံး ဒီကျောင်းလေးက ဒီဒေါ်လာအတုတွေကို မြန်မာပြည် လူတစ်ဦးထံကနေ ဝယ်လာခဲ့ကြောင်း တခြား ဘာရည်ရွယ်ချက်မှ မရှိကြောင်း၊ ဒေါ်လာက အတုဖြစ်နေတယ်ဆိုတာကိုလည်း အစကတည်းက မသိခဲ့ကြောင်း စတာတွေကို ရှင်းပြလိုက်မှပဲ ရဲတွေ သေချာသဘောပေါက်ပြီး အပြစ်သားတစ်ယောက်လို ဆက်ဆံနေရာကနေ ချက်ချင်းဆိုသလို သနားတဲ့ မျက်လုံး၊ အပြောအဆိုတွေနဲ့ ဖြစ်သွားတယ်”ဟု ဖော်ပြထားသည်။
မြန်မာကျောင်းသား၏ အခြေအနေကို တောင်ကိုရီးယား ရဲများက သဘောပေါက်သွားသော်လည်း တာဝန်အရ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကာ ဒေါ်လာအတုများ မည်သို့ လက်ဝယ် ရောက်ရှိလာသည်ဆိုသော အချက်ကို ဆက်လက် ရှင်းပြခဲ့ရကြောင်း၊ နောက်ဆုံးတွင် နားလည်သွားပြီးနောက် ပြဿနာမရှိဟု နှစ်သိမ့်ပေးလိုက်ကြကာ ဒေါ်လာအတုများကို သိမ်းဆည်းထားလိုက်ကြောင်းလည်း ဖော်ပြထားသည်။
“နောက်ထပ် ကိုရီးယားကို ဝင်လာကြမယ့် ကျောင်းသားတွေကိုလည်း အခု ဒီကျောင်းသားလေးလို ငွေလည်းဆုံး ရဲစခန်းလည်းရောက် အဲ့ဒီလိုဒုက္ခတွေ မဖြစ်ရအောင် ဒေါ်လာဝယ်ပြီး ယူလာမယ်ဆိုရင်လည်း စိတ်ချရတဲ့ဆီမှာ သေချာစစ်ဆေးပြီး ဝယ်ကြဖို့ ၊ ဒါမှမဟုတ် ကိုရီးယားဘက်က တာဝန်ခံတွေနဲ့ ဆက်သွယ်ပြီး မြန်မာငွေနဲ့ ကိုရီးယားငွေ လဲလှယ်ကြဖို့ အကြံပေးပါရစေ” ဟု တိုက်တွန်းထားသကဲ့သို့ ဒေါ်လာသယ်လာမည် ဆိုလျှင် စစ်ပြီး ဝင်ရန်၊ သေချာသော တရားဝင်အရောင်းဌာနများက ဝယ်ရန်လည်း တိုက်တွန်းထားသည်။