၂၂. ၈. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်း (DES) ဝန်ကြီးဌာနဟာ အခုလအတွင်း Facebook ကို နိုင်ငံအတွင်းမှာပိတ်ပြစ်ဖို့ ရာဇဝတ်မှုဆိုင်ရာ တရားရုံးအမိန့်တစ်ရပ်ကို တောင်းဆိုမှာဖြစ်ပြီး Facebook ပလက်ဖောင်းဟာ လူတွေကို လိမ်လည်လှည့်ဖြားနေသူတွေနဲ့ ကြံရာပါဖြစ်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။
ဝန်ကြီးဌာနဟာ လိမ်လည်သူတွေနဲ့ Facebook တို့ကို စွဲချက်တင်ဖို့အတွက် ကွန်ပြူတာရာဇ၀တ်မှုဥပဒေကို ကိုးကားမှာဖြစ်ပြီး ဝန်ကြီးဌာနနဲ့ ဆက်စပ်အေဂျင်စီတွေဟာ Facebook ပေါ်က လိမ်လည်မှုတွေကို အရေးယူပေးဖို့ နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပေမဲ့လည်း Facebook က လိမ်လည်သူတွေရဲ့ ကြော်ငြာစာမျက်နှာတွေကို ကူညီစစ်ဆေးဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ အွန်လိုင်းလိမ်လည်မှုစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ Facebook မှာ ဖြစ်ပွားနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ Facebook အသုံးပြုသူ ၆၅ သန်းရှိပြီး Meta ရဲ့ ထိုင်းနိုင်ငံ ဒါရိုက်တာ Prae Dumrongmongcolgul က အစောပိုင်းကတည်းက Meta မှာ လိမ်လည်မှုတွေ မြင့်တက်နေတာကို သိရှိခဲ့ပြီး ကုမ္ပဏီအနေနဲ့ လိမ်လည်မှုတွေကို ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ ရှာဖွေကာ တွေ့ရှိရင် ချက်ချင်းဖယ်ရှားဖို့ လုပ်ခဲ့ပေမဲ့လည်း လိမ်လည်လှည့်ဖြားသူတွေက လျင်မြန်စွာနဲ့ တိုးတက်ပြောင်းလဲလာပြီး အခြားနည်းတွေအသုံးပြုခဲ့တာကြောင့် သူတို့ကို လိုက်လံရှာဖွေ ဖျက်ချဖို့ Facebook ရဲ့လုပ်ထုံးလုပ်နည်းတွေဟာ တစ်ခါတစ်ရံမှာ အချိန်လိုအပ်တယ်လို့လည်း သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Facebook ကနေ လိမ်လည်လှည့်ဖြားတဲ့ နည်းလမ်းတွေ များစွာရှိပေမဲ့ ရင်းနှီးမြှုပ်နှံတဲ့ပုံစံနဲ့ လိမ်လည်သူတွေကတော့ မြင့်မားတဲ့အကျိုးအမြတ်တွေ ပြန်လည်ရရှိဖို့ ရင်းနှီးမြုပ်နှံမှုဆုံးဖြတ်ချက်ကို အမြန်ချဖို့ လူတွေကို တိုက်တွန်းတတ်ကြပြီး SEC လိုမျိုး အေဂျင်စီတွေက လူပုဂ္ဂိုလ်တွေနဲ့ အရပ်ဘက်တရားရုံးတွေမှာ လိမ်လည်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားစာပေါင်း သုံးသိန်းလောက်ရှိတယ်လို့လည်း သိရပါတယ်။
Ref; Bangkok Post