၂၂. ၈. ၂၀၂၃
Written By Thandar
ပရဟိတမင်းသားကြီးဖြစ်တဲ့ ဝေဠုကျော်ရဲ့ ချစ်ဇနီး ဇာတ်မင်းသမီး ရေကြည်ချမ်းမြကတော့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး အငိုသန်တဲ့သူ မဟုတ်ပေမယ့် ဒရာမာဇာတ်ရုပ်မျိုး ရိုက်ချင်တယ်လို့ MT News ကို ဖွင့်ဟလာပါတယ်။
“အကိုဝေက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး တော်တော်များများ သင်ပေးပါတယ်။ သင်ပေးတဲ့အတိုင်း မလုပ်တတ်ရင်လည်း အဆူခံရတယ်။ ရေကြည်က ဒရာမာဇာတ်တွေ ကြိုက်တယ်။ ကိုယ်က အငိုသန်တာရယ်လို့လည်း မဟုတ်ဘူး။ ရိုက်ရင်လည်း ဇာတ်နာတဲ့ ဇာတ်တွေရိုက်ချင်တာ။ အမြဲတမ်းကို ကိုဝေ့ကိုလည်း ပြောတယ်။ အဲဒီလိုဇာတ်ပဲရိုက်ချင်တယ်။ ကိုဝေကလည်း ရေကြည် ရိုက်ချင်တဲ့ဇာတ်အတွက် စီစဉ်ပေးဖို့လုပ်နေပါတယ်။ ကိုဝေနဲ့ တွေ့ပြီးနောက် ဒီအသိုင်းအဝိုင်းတစ်ခုလုံးက ရေကြည်ကို ချစ်ပေးကြလို့လည်း ပျော်ရပါတယ်” လို့ ရေကြည်ချမ်းမြက MT News ကို ပြောပါတယ်။
သူမဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မြန်မာ့ရုပ်ရှင်နေ့နဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အလှူငွေပါဝင်လှူဒါန်းကြဖို့အတွက် ကြော်ငြာရိုက်ကူးမှုမှာ ပါဝင်ထားသူလည်း ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ သရုပ်ဆောင် ဝေဠုကျော်နဲ့အတူ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေကို ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းမှုတွေ လုပ်ဆောင်နေသလို အဝေးကနေ လိုအပ်ချက်တချို့ကို ကူညီဖြည့်ဆည်းပေးနေတယ်လို့ ဆိုပါတယ်။
“ဝါရင့်အနုပညာရှင် အကယ်ဒမီတွေရထားတဲ့ သရုပ်ဆောင်တွေ အများကြီးကြားမှာ ရေကြည်က ကြော်ငြာအတိုလေး ပါဝင်ရိုက်ရတာဆိုတော့ ခြေဖျားလက်ဖျားတွေလည်း အေးပါတယ်။ ရင်လည်း အရမ်းတုန်ခဲ့ပါတယ်။ အားလုံးကလည်း ကိုယ့်ထက် ပညာတော်ကြတဲ့သူတွေလေ။ ကိုယ်ဆိုတာ ဘာမှမဟုတ်တဲ့အချိန်မှာ ပါဝင် သရုပ်ဆောင်ရတာမို့ နည်းနည်းကြောက်တယ်။ ဇာတ်စင်ပေါ်ကျတော့ တိုက်ရိုက် ပရိသတ်နဲ့ထိတွေ့ရတာကတော့ တစ်မျိုးပေါ့။ မတူဘူးလေ။ စင်ပေါ်က, ကတာက ပညာရှင်တွေပါပေမယ့် တစ်မျိုးပေါ့။ အတွေ့အကြုံတွေ သိပ်မတူဘူး”လို့ သူမက ဆက်ပြောပါတယ်။