၂၁. ၈. ၂၀၂၃
Written by Ye Kyaw
နိုင်ငံခြားသုံးငွေ ရောင်းဝယ်မှုလုပ်ငန်းများကို AD လုပ်ငန်းလိုင်စင် ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထားသည်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ်လ ၂၀ ရက်တွင် ထပ်မံသတိပေးကြေညာထားသည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉ အရ နိုင်ငံတော်တွင် နိုင်ငံခြားသုံးငွေ ရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင် ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (Money Changer) လိုင်စင်ရရှိသူများသည် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၇/၂၀၁၄ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၁၅ တွင် “ပြည်တွင်း၌ နေထိုင်သူတစ်ဦးသည် တရားဝင်နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ သို့မဟုတ် ယင်းနှင့်ညီမျှသောငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ခြောက်လအတွင်း ကိုင်ဆောင်ခွင့်ရှိသည်။
ယင်းခြောက်လ ကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့် (AD) လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း အတိအလင်းဖော်ပြထားပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားသုံးငွေများ လက်ဝယ်ကိုင်ဆောင်ထားသည့်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထပ်မံသတိပေးခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာထားသည်။