၂၀. ၈. ၂၀၂၃
Written by Ye Kyaw
ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ် အထိမ်းအမှတ်အဖြစ် ရုရှား-မြန်မာ ပူးပေါင်းကာ ဖက်ဆစ်တို့ကို တော်လှန်ခဲ့ကြသည်ကို အမှတ်ရနေစေရန် ရုရှားနိုင်ငံ မော်စကိုခရိုင်၊ ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံ Patriot Park အတွင်း၌ “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ် ရုပ်တုစိုက်ထူပွဲအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်ခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှားတပ်မတော်ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedral of the Armed Forces တည်ရှိရာ မော်စကိုခရိုင်၊ ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံ Patriot Park အတွင်း၌ ဒုတိယကမ္ဘာစစ်ကာလအတွင်း တိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ် ရုပ်တုဖွင့်ပွဲကို ဩဂုတ်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ဩဂုတ်လ ၂၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu နှင့် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် တာဝန်ရှိသူများ၊ မြန်မာစစ်သံ (ကြည်၊ ရေ၊ လေ) ဗိုလ်မှူးချုပ်မိုးကျော်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
“မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ် ရုပ်တုကို စိုက်ထူခြင်းသည် ယခုနှစ်တွင် ကျရောက်ခဲ့သည့် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေး ၇၅ နှစ် အထိမ်းအမှတ်ကို ဂုဏ်ပြုခြင်းဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ ပိုမိုတောင့်တင်းခိုင်မာလာမည်ကို ထုတ်ဖော်ပြသခြင်းဖြစ်သကဲ့သို့ ရုရှား-မြန်မာ ပူးပေါင်းကာ ဖက်ဆစ်တို့ကို တော်လှန်ခဲ့ကြသည်ကို ပြန်လည်အမှတ်ရနေစေမည့် စစ်မှန်သောသမိုင်း၏ အမှန်တရားကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းသည် အရေးပါသော နိုင်ငံရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
“မြန်မာ့စစ်သည်တော်မဟာမိတ်များ” ရုပ်တုကို ရုရှားဖက်ဒေးရှင်းနိုင်ငံ၌ စိုက်ထူလိုက်ခြင်းသည် နှစ်နိုင်ငံ၏ ယိုင်နဲ့သွားမည်မဟုတ်သည့် ညီရင်းအစ်ကိုပမာ ပူပေါင်းဆောင်ရွက်တတ်သည့် မဟာမိတ်စိတ်ဓာတ်ကို ဖော်ကျူးနေခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားတက်ရောက်လာသူများသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း တိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ် ရုပ်တုရှေ့၌ ဂုဏ်ပြုပန်းစည်းများချ၍ အလေးပြုကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရန်သူများ၏ နယ်ချဲ့ကျူးကျော်သိမ်းပိုက်မှုများကို တုန့်ပြန်တိုက်ခိုက်ရာတွင် မြန်မာ့တပ်မတော်သားများ၏ အခန်းကဏ္ဍသည်လည်း တစ်ကမ္ဘာလုံး၏ စစ်အောင်မြင်ရခြင်းအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သည်ကို အသိအမှတ်ပြု လေးစားဂုဏ်ပြုသောအားဖြင့် အဆိုပါရုပ်တုကို စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရုပ်တု ပြုလုပ်စိုက်ထူရန် အကြံဉာဏ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu မှ စတင်အကြံပြုခဲ့ပြီး မြန်မာ့တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)မှ စစ်ဘက်သမိုင်းပညာရှင်များ၏ အစီရင်ခံတင်ပြချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သဘောတူညီချက် တင်ပြတောင်းခံ၍ ရုပ်တုအသွင်သဏ္ဍန်အား ရွေးချယ်ထုဆစ်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံနှင့်အတူ ဖက်ဆစ်တို့ကို ပူးပေါင်းလက်တွဲတိုက်ခိုက်ခဲ့ကြသည့် ရုရှားတပ်နီတော်အပါအဝင် နိုင်ငံအသီးသီးမှ တိုက်ပွဲဝင်ခဲ့ကြသူများကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ရုပ်တုများကို စိုက်ထူထားခြင်းဖြစ်ကြောင်း၊ “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ်ရုပ်တုကို ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖက်ဆစ်တော်လှန်ရေးတွင် အသက်သွေးချွေးစတေးကာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသော မြန်မာ့တပ်မတော်သားများကို ဂုဏ်ပြုလိုသည့်အတွက် မဟာမိတ်စစ်သည်တော်များ ပြင်ပပြကွက်တွင် စိုက်ထူခဲ့ခြင်းဖြစ်ကြောင်းနှင့် မော်စကိုမြို့ M.B Grekova အနုပညာစတူဒီယိုမှ ထုဆစ်ဖော်ပုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်သည်တော်တစ်ဦး၏လက်တွင် ရန်သူများထံမှ သိမ်းဆည်းရမိသော ရိုင်ဖယ်သေနတ်ကို ကိုင်ဆောင်ထားပြီး ဒုတိယတစ်ဦး၏လက်တစ်ဖက်တွင် ဆိုဗီယက်ပြည်ထောင်စုထုတ် Mosin အမျိုးအစား ရိုင်ဖယ်ကို ကိုင်ဆောင်ထားကာ ကျန်လက်တစ်ဖက်တွင် ထိုခေတ်အခါက အသုံးပြုခဲ့သော အမျိုးသားအောင်လံတော်ကို ဆုပ်ကိုင်ထားသည့်ဟန် ထုဆစ်ပုံသွင်းထားခြင်းဖြစ်သည်။
ရုပ်တု၏ ဘယ်ဘက်အောက်ခြေတွင် ခြင်္သေ့ရုပ်ထုကို ထည့်သွင်းထားရှိပြီး ခြင်္သေ့ရုပ်ထုသည် ရှေးကျလှသော မြန်မာ့ဟန်အနုပညာ လက္ခဏာတစ်ခုလည်းဖြစ်ကာ ခြင်္သေ့ရုပ်၏ အသွန်သဏ္ဍန်ကို မန္တလေးတောင်ခြေမှ ခြင်္သေ့ကြီးနှစ်ကောင်နှင့် ပုံစံတူထုဆစ်ထားကြောင်း၊ အဓိပ္ပါယ်မှာ ရန်သူတို့အား အောင်မြင်စွာတွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည့် မန္တလေးမြို့တိုက်ပွဲကို သရုပ်ဖော်လိုခြင်းဖြစ်ပြီး စစ်သည်တော်တို့၏ ခြေရင်းတွင် ရန်သူ့တို့၏ တပ်သုံး အလံများ၊ စစ်သုံးဓါးများကို နင်းခြေထားသည့်ဟန် ထည့်သွင်း ထုဆစ်ထားခြင်းဖြစ်သည်။