၂၀.၈.၂၀၂၃
Written by Htwe Ko Tun
သြစတြေးလျနှင့် နယူးဇီလန် နှစ်နိုင်ငံပူးတွဲ၍ အိမ်ရှင်နိုင်ငံများအဖြစ် ကျင်းပကြသော ကိုးကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကို သြဂုတ်လ ၂၀ ရက်က ဆစ်ဒနီမြို့တွင်ကျင်းပခဲ့ရာ စပိန်အမျိုးသမီးအသင်းက အင်္ဂလန်အမျိုးသမီးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူကာဗိုလ်စွဲသွားခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲသို့ ရောက်ရှိလာသော နှစ်သင်းစလုံးက ကမ္ဘာ့အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တစ်ကြိမ်မျှ ဗိုလ်မစွဲဖူးသော အသင်းများဖြစ်သောကြောင့်လည်း နှစ်သင်းစလုံးက အနိုင်ရရှိရေး အကြိတ်အနယ်ကစားကာ ပွဲကြီးပွဲကောင်းတစ်ပွဲလည်းဖြစ်ခဲ့သည်။ စပိန်အသင်းက ဘောလုံးပိုင်ဆိုင်မှု ပိုများကာ ၅၈ ရာခိုင်နှုန်းအထိရှိခဲ့သည်။ စပိန်ဘက်သို့ ထိုးဖောက်ဂိုးသွင်းခွင့်လည်း ပိုရကာ ၂၉ မိနစ်တွင် စပိန်အသင်းက အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လ ၁၉ ရက်က ကျင်းပခဲ့သော တတိယနေရာလုပွဲတွင်လည်း ဆွီဒင် အမျိုးသမီးအသင်းက အိမ်ရှင်သြစတြေးလျအမျိုးသမီးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ယူကာ တတိယနေရာရယူသွားသဖြင့် ယခုနှစ် ကမ္ဘာ့အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဥရောပအသင်းများကသာ ဆုတံဆိပ်များရယူသွားခဲ့ကြောင်းတွေ့ရသည်။
၂၀၂၇ ခုနှစ်တွင်ကျင်းပမည့် ၁၀ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံကို မရွေးချယ်ရသေးကြောင်းသိရသည်။