၂၀. ၈. ၂၀၂၃
Written by Tha Doe
သိမ်ဖြူလက်ဝှေ့ကွင်းမှာ ဒီနေ့ထိုးသ-တ်မဲ့ ထွန်းထွန်းမင်းနဲ့ သွေးသစ်ဝင်းလှိုင်တို့ ချန်ပီယံလုမဲ့ လက်ဝှေ့ပွဲဟာ ကြည့်ရှုလိုသူများပြားနေတာကြောင့် ရုံပြည့်ရုံလျှံဖြစ်နေပြီး မှောင်ခိုစျေးကွက်မှာပါ ၁၀၀၀၀ တန် လက်မှတ်ဟာ ၂၅၀၀၀၊ ၃၀၀၀၀ ဖြစ်လာခဲ့ပါတယ်။
“လက်မှတ်ကို ခဏပဲရောင်းပေးတယ်။ မှောင်ခိုရောင်းတဲ့သူတွေ လက်ထဲပဲ လက်မှတ်ရောက်လာပြီး ၁၀၀၀၀ တန်က ၂၅၀၀၀၊ ၃၀၀၀၀ ဖြစ်လာတယ်။ စနစ်တကျရောင်းပေးတာမဟုတ်ဘဲ မှောင်ခိုရောင်းဖို့ပဲ အားထားသလို ဖြစ်နေတယ်” လို့ လာရောက်ကြည့်ရှုသူတစ်ဦးက ပြောပါတယ်။
မှောင်ခိုလက်မှတ်မှာ အများစုက ၁၀၀၀၀ တန်ကိုပဲ ၂ ဆ ၃ ဆပေးဝယ်နေပြီး ၂၀၀၀၀ တန်ကနေ ၃၅၀၀၀၊ ၃၀၀၀၀ တန်က ၅၀၀၀၀၊ ၅၀၀၀၀ တန်က ၇၀၀၀၀ ရောင်းနေတာကိုတော့ ဝယ်ယူနိုင်သူနည်းပါးပါပါတယ်။
လက်မှတ်မပါဘဲ လာရောက်ပြီး ရုံရောက်မှ ဝယ်ယူသူအများစု လက််မှတ်မရဘဲ မှောင်ခိုစျေးနဲ့ပဲ ရောင်းချနေတာကြောင့် လာကြည့်သူအများစုကို လက်မှတ်အစား ကျပ် ၁၀၀၀၀ နဲ့ ဝင်ခွင့်ပေးခဲ့တာရှိတဲ့အပြင် ရုံပွင့်သွားတာကြောင့်လည်း လက်ဝှေ့အားကစားရုံထဲရောက်သွားပေမဲ့ ရုံထဲဆက်လက်ဝင်ခွင့်မပေးတာကြောင့်လည်း လက်ဝှေ့ပွဲကြည့်လိုသူတွက အပြင်မှာ လက်ရှိအချိန်အထိ တန်းစီအော်ဟစ်နေကြပြီး လက်ရှိ နေ့လယ် ၃ နာရီ ၁၀ မိနစ်အထိ ဝင်ခွင့်မရဖြစ်နေဆဲပါ။
“ထွန်းထွန်းမင်းက သွေးသစ်ဝင်းလှိုင်ကို ပထမအကျော့မှာ ရှုံးထားပြီး ချန်ပီယံလက်လွှတ်ထားရလို့ မကျေပွဲဖြစ်တာရော၊ အခုအကျော့က အလဲထိုးဖြစ်ပြီး နိုင်သူက မြန်မာ့ရိုးရာကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်မှာရောကြောင့် လာကြည့်တာပါ။ လက်မှတ်ကို ရုံမှာ စနစ်တကျရောင်းပေးတာမဟုတ်ဘဲ ခဏပဲ ဟန်ပြရောင်းတော့ ပွဲတွေဆူကုန်တာပေါ။ စည်းကမ်းတကျ ၊ စနစ်တကျရောင်းရင် ပိုကောင်းတာပေါ့”လို့လည်း လာရောက်ကြည့်ရှုသူတစ်ဦးက ပြောပါတယ်။
ဒီနေ့ထိုးသတ်နေတဲ့ MLWC-8 မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးကို SKYNET SPORTS-4 နဲ့ SKYNET SPORTS-HD ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်(LIVE) လွှင့်နေတာဖြစ်ပြီး ခေါင်ပွဲတွေအဖြစ်တော့ ကျော်စွာဝင်း Vs အာဝသန်၊ တိုခဲရှီ Vs ထွန်းမင်းအောင်၊ ထွန်းထွန်းမင်း Vs သွေးသစ်ဝင်းလှိုင်တို့ ပွဲစဥ်တွေ ပါဝင်နေတာပါ။ တက်ရောက်ကြည့်ရှုသူတွေထဲမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ပါ ပါဝင်နေပြီး အနိုင်ရသူတွေကို ဆုချီးမြှင့်နေပါတယ်။
ပုံစာ။ လက်မှတ်ဝယ်ယူမရသဖြင့် ၁၀၀၀၀ ပေးကာ ဝင်ကြည့်ရန်စုဝေးနေသူများ တွေ့ရစဥ်။