၁၈.၈.၂၀၂၃
Written By Thandar
စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေတဲ့ ရှေးဟောင်းမှန်ကြီးတစ်ခုတည်းထဲက အကြောင်းအရာတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ “မှန်ထဲကမိန်းမ” သရဲကားဇာတ်လမ်းတွဲကို ဝါရင့်အနုပညာရှင် အကယ်ဒမီချိုပြုံးက အနုပညာသက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံးရိုက်တဲ့ သရဲကားလို့ ရင်ဖွင့်လာပါတယ်။
“ဒီကားလေးကို ဇာတ်လေးကိုဖတ်ပြီးကတည်းက စိတ်ဝင်စားလို့ ရိုက်ဖြစ်ခဲ့တာပါ။ ပထမက ဘန်ကောက်မှာ ဆေးကုပြီး ပြန်လာတဲ့ အချိန်ဆိုတော့ အသံကိုလည်း ဆရာဝန်က သိပ်စကားမပြောစေချင်သေးဘူး။ ဒါပေမယ့် သူပြောတဲ့ ဇာတ်လေးကို နားထောင်ပြီးတဲ့အချိန်မှာ ရိုက်ဖြစ်သွားတာပါ၊ ဒီကားလေးကို ရိုက်တာကလည်း သရုပ်ဆောင်ကောင်လေးက ဒါရိုက်တာအနေနဲ့ ရိုက်တာဆိုတော့ စိတ်ဝင်စားတယ်။ မေချို့အနုပညာ သက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံး ရိုက်တဲ့သရဲကားပါ။ မေချိုက ဇာတ်ကားတွေ များစွာရိုက်ဖူးပေမယ့် သရဲကားတစ်ခါမှ မရိုက်ဖူးဘူး။ နောက် ကိုယ်က ဒါရိုက်တာအကြီးတွေနဲ့ ရိုက်ကူးလာတာဆိုတော့ လူငယ်တွေ ရိုက်တာကို စိတ်ဝင်စားလို့ ရိုက်ဖြစ်ခဲ့တာပါ”လို့ အကယ်ဒမီ ချိုပြုံးကပြောပါတယ်။
ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေးက ဒီကားရဲ့ဇာတ်ညွှန်းကို ယွန်းသခင်ရေးသားပြီး ဇာတ်လမ်းပိုင်းအပြင် ဒါရိုက်တာအနေနဲ့ ထူးမြတ်၊ တွဲဖက်ဒါရိုက်တာ ကိုစေတို့က ရိုက်ကူးကာ DOP အနေနဲ့ လင်းသိန်းက ပါဝင်ဆောင်ရွက်ထားတာလည်း ဖြစ်တယ်လို့ သိရပါတယ်။ “မှန်ထဲကမိန်းမ” ဇာတ်လမ်းတွဲကို စာရေးဆရာမ မူပိုင်နှင်းဆီက စီစဉ်ပြီး သရုပ်ဆောင်တွေ အနေနဲ့ ထူးမြတ်၊ အကယ်ဒမီ ချိုပြုံး၊ ဟေလရီစိုး၊ ခြူးစစ်ဟန်၊ သံစဉ်ဖြိုးပိုင်၊ စိုင်းဘုန်းမင်းသန့်၊ စုစန္ဒာတင့်၊ ကျော်သစ်၊ ဦးစံပေါ၊ အန်တီခိုင်၊ ဝင်းမင်းသန်း၊ ဧည့်သည်သရုပ်ဆောင် မိုးကောင်းကင်၊ ဝီလီယံမင်းမြတ်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားတယ်လို့ သိရပါတယ်။
“ဒီကားလွန်ခဲ့တဲ့ လေးနှစ်၊ ငါးနှစ်လောက်က ဗီဒီယိုဇာတ်ကားတွေ ခေတ်ကောင်းနေတဲ့အချိန်ကတည်းက ဖန်တီးထားတဲ့ ဇာတ်ပါ။ ကျွန်တော်ကိုယ်တိုင် စဉ်းစားထားတဲ့ ဇာတ်လေးပါ။ ဗီဒီယိုခေတ်ပျက်သွားတဲ့အချိန်မှာ မရိုက်ဖြစ်ခဲ့ဘူး သိမ်းထားဖြစ်ခဲ့တဲ့ ဇာတ်လေးပါ။ အခုဇာတ်လမ်းတွဲလေးတွေ ခေတ်စားလာတဲ့အချိန်မှာ ဒီကားလေးကို ဇာတ်လမ်းတွဲအဖြစ် ပြန် လည်အသက်သွင်းဖြစ်ခဲ့တာပါ။ တစ်ခုထူးဆန်းတာက ဒီကားထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တိုင်းက ဒီသရဲကားမှာ သရုပ် ဆောင်နေတာဖြစ်တဲ့အတွက် ဘယ်အချိန်ကျရင်ခြောက်မယ်ဆိုတာ သိပြီးသားဆိုပေမယ့် တကယ့်တကယ် ရိုက်တဲ့အချိန် သရဲခြောက်ခံရတဲ့ သရုပ်ဆောင်တွေ ကိုယ်တိုင်ကိုက တကယ်ကို ကြောက်မိတယ်ဆိုတာမျိုးပြောကြတယ်။ နောက်တစ်ခုက ဒီကားထဲမှာ ရိုက်ဖို့အတွက် စီစဉ်ထားတဲ့ ခွေးလေးကလည်း ရိုက်ခါနီး ရက်ပိုင်းအလိုမှာ သေသွားတယ်။ ဇာတ်လမ်းထဲမှာလည်း ခွေးလေးက သေသွားတယ်ဆိုတာမျိုး ပါတယ်။ ဆရာမမူပိုင်နှင်းဆီကလည်း ဖုန်းဆက်လာတယ် ရေးထားတဲ့ ဇာတ်လမ်းလိုမျိုးပဲ မြှုပ်တဲ့အချိန်မှာလည်း သစ်ပင်အောက်မှာ မြှုပ်လိုက်ရတယ်ဆိုမျိုး ပြောကြတယ်။ ထူးဆန်းမှုတွေကတော့ အများကြီးပါပဲ။ ဒီကားလေးက လူငယ်တွေ ဖန်တီးထားတဲ့ ကားတစ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေလည်း ကြည့်ရှုဝေဖန်ပေးဖို့ မေတ္တာရပ်ခံပါတယ် ”လို့ သရုပ်ဆောင်၊ ဒါရိုက်တာ ထူးမြတ်က ပြောပါတယ်။
မြေးဖြစ်သူ ပန်းချီဆရာနဲ့ အေးချမ်းစွာနေထိုင်ခဲ့တဲ့ အဖွားအိုတစ်ဦးက မထင်မှတ်ထားဘဲ ရှေးဟောင်းမှန်ကြီးတစ်ခုရောက်ရှိလာချိန်မှာ စတင်ပြီး ထူးဆန်းချောက်ချားစရာ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရတဲ့ ဇာတ်ကားကို မကြာမီ Fortune TV က ထုတ်လွှင့်တင်ဆက်မှာဖြစ်ပါတယ်။