၁၈.၈.၂၀၂၃.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ ဘန်ကာပီလမ်းဆုံတွင် ဝန်ချီစက်ဖြင့်မတင်ရသော ၁၀ မီတာ အရှည်ရှိသည့် သတ္တုပြားတစ်ခုမြေပေါ်သို့ပြုတ်ကျမှု ဩဂုတ်လ ၁၇ ရက် နံနက် ၁း၅၀ နာရီက ဖြစ်ပွားခဲ့ရာ အလုပ်သမားတစ်ဦးသေဆုံးပြီး အခြားနှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးအလုပ်သမားတစ်ဦးက အဆိုပါဖြစ်ရပ်ဖြစ်ပွားချိန်တွင် အလုပ်သမားများမှာ မိုးပျံလမ်းကို အထောက်အကူပြုထားသော သတ္တုပြားများကို ဖယ်ရှားနေကြချိန်ဖြစ်ကြောင်း ပြောခဲ့သည်။ အလုပ်သမားများက သတ္တုပြားများ၏အစွန်းနှစ်ဘက်ကို ဝါယာကေဘယ်လ်ကြိုးများဖြင့်ချည်ကာ ဝန်ချီစက်ဖြင့်မ၍ ဖယ်ရှားနေကြစဉ် သတ္တုပြားတစ်ခု၏ အစွန်းတစ်ဘက်တွင် ချည်နှောင်ထားသော ကြိုးက ခိုင်ခန့်မှုမရှိ၍ သတ္တုပြားတစ်ခုမှာ ရုတ်တရက် Seri Thai လမ်းပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ အင်ဂျင်နီယာဖြစ်သူအား ခေါ်ယူမေးမြန်းလျက်ရှိကြောင်း သိရသည်။ အင်ဂျင်နီယာဖြစ်သူက ထိုမတော်တဆမှု ဖြစ်ပွားချိန်က ၎င်းမှာ လုပ်ငန်းခွင်၌မရှိခဲ့သောကြောင့် မည်သည်ကြောင့်ဖြစ်ပွားရသည်ကိုလည်း ကောင်းစွာမသိပါကြောင်း ပြောခဲ့သည်။
ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) ပြောရေးဆိုခွင့်ရှိသူ အမရာပါရက ထိုလုပ်ငန်းခွင်အား လုပ်ငန်းခွင်လုံခြုံစိတ်ချရမှုကို အာမခံနိုင်သည်အထိ ရပ်ဆိုင်းထားခဲ့ကြောင်း ပြောခဲ့သည်။ BMA က မတော်တဆဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုလည်းပြုနေကြောင်း ၎င်းကဆိုသည်။
Ref——Bangkok Post