၁၈.၈.၂၀၂၃
Written By Thandar
ပွဲစျေးတန်းလျှောက်လည်ရတဲ့ အရသာကိုခံရမယ့် “ပွဲခင်း” ဖျော်ဖြေပွဲမှာ မင်းသားတင်မောင်ဆန်းမင်းဝင်းနဲ့အတူ တေး သံရှင် မေလသံစဉ်နဲ့ အငြိမ့်မင်းသမီး ရေကြည်ချမ်းမြတိုက “အမေ့ချွေးမလှလှလေး” ပြဇာတ်ကို ကပြတင်ဆက်ကြမယ်လို့ဆိုပါတယ်။
“ကျွန်တော်တို့ပွဲခင်းကို မနက်ဖန်ပိုင်းမှာတော့ ထူးခြားတဲ့ ဧည်သည်တော်တွေဖြစ်တဲ့ ညီမလေး မေလသံစဉ်နဲ့ အငြိမ့်မင်းသမီးလေး ရေကြည်ချမ်းမြတို့နဲ့ “အမေ့ချွေးမလှလှလေး” ပြဇာတ်ကို ကပြတင်ဆက်ကြမှာပါ။ ဒါ့အပြင် နှစ်ပါးသွားအကတွေ ကြည့်ရှုရတာမဝသေးတဲ့ ပရိသတ်တွေအတွက် အထူးအစီအစဉ်တွေလည်း တင်ဆက်ပေးသွားမှာမို့ ပရိသတ်တွေ လာရောက်အားပေးဖို့ ဖိတ်ခေါ် ပါတယ်”လို့ ဇာတ်မင်းသားတင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။
အပတ်စဉ်ကျင်းပနေလျက်ရှိတဲ့ ရန်ကုန်မြို့ တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်းအတွင်းမှာ ဩဂုတ် ၁၈ ရက်နဲ့ သြဂုတ် ၁၉ ရက်တို့မှာလည်း ကျင်းပဖျော်ဖြေတင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ပွဲဈေးလျှောက်ချိန်အနေနဲ့ ညနေ ၃ နာရီ စတင်တာဖြစ်ပြီးတော့ တေးဂီတအငြိမ့် သဘင်ဖျော်ဖြေပွဲကို ညနေ ၆ နာရီခွဲကနေ ည ၉ နာရီခွဲအထိ ကပြဖျော်ဖြေတင်ဆက်ပေးနေတာဖြစ်ပါတယ်။
“ဇာတ်သဘင်ကြာရင် တိမ်မြုပ်တော့မှာ စိုးရိမ်တယ်။ ဇာတ်သဘင်ကြီး မတိမ်မြုပ်အောင် ဦးတို့အနေနဲ့ ပြန်လည်ဖော်ထုတ်ပြီး တေးသီချင်းတွေနဲ့ ပြည်သူတွေ စိတ်အပန်းပြေအောင် အနွမ်းပြေအောင် ဦးတို့ ဒီပွဲကို ဆက်လက်ကျင်းပကြတာပါ။ ဇာတ်သဘင်က အနုပညာရှင်တွေလည်းကြာတော့ ဇာတ်သေတ္တာတွေ ခြစား မှိုတက်ကုန်ပါပြီ။ ထိုနည်းတူ စိတ်ဓာတ်တွေပါ ခြစားကုန်တာ ပိုဆိုးတာပေါ့။ စိတ်ဓာတ်တွေ မြှင့်တင်ပြီး Relax ဖြစ်အောင် ပရိသတ်နဲ့ ဇာတ်စင်ပေါ်က မျက်နှာချင်းဆိုင်ကြည့်ရှု ခံစားနိုင်အောင်ပွဲခင်းကို စီစဉ်ထားတာပါ”လို့ ဇာတ်မင်းသားကြီး နန်းဝင်းက ပြောပါတယ်။
ဩဂုတ် ၁၉ရက် ညပိုင်းမှာတော့ မင်းသားချော တင်မောင်ဆန်းမင်းဝင်းနဲ့ တွဲဘက်ပြီး အထူးဧည့်သည် အနုပညာရှင်တွေဖြစ်တဲ့ တေးသံရှင် မေလသံစဉ်နဲ့ အငြိမ့်မင်းသမီးရေကြည်ချမ်းမြတို့က “အမေ့ချွေးမလှလှလေး” ပြဇာတ်ကို ကပြတင်ဆက်ကြမှာဖြစ်သလို စိန်မင်းသားချော ဇံဟိန်းရဲ့ “ရှင်မအောင်ဖြူ” အော်ပရာ၊ တင်မောင်ဆန်းမင်းဝင်း ဦးဆောင်ပြီး “နှစ်ပါးသွားကြည့်ရတာ အားမရဘူးဆိုတဲ့ ပရိသတ်ကြီးအတွက် ဘွန်း၊ ဆန်းမင်းအောင်၊ ရဲရဲ တို့ကပြမယ့် နှစ်ပါးသွားတွေနဲ့ ကပြဖျော် ဖြေကြမှာဖြစ်တယ်လို့ သိရပါတယ်။