၁၈.၈.၂၀၂၃
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဓမ္မသုခရွှေစည်းခုံဘုရား ရေကျော်ကုန်းအနီး၊ မီးရထားသံလမ်းအောက် ရေကန်အတွင်း အမည်မသိအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်း တွေ့ရှိဆယ်ယူရတဲ့ဖြစ်စဥ် ဒီနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းမှ သိရပါတယ်။
အဆိုပါအလောင်းတွေ့ရှိရတဲ့ အခင်းဖြစ်နေရာကို နယ်မြေခံရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များက စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၃၅ နှစ်ဝန်းကျင်ခန့် အမျိုးသားဖြစ်ပြီး ကိုယ်ခန္ဓာ၊ နှုတ်ခမ်း ဝဲယာ၊ လက်များမှာ ရေနဲ့ထိတာကြောင့် အရေပြားများတွန့်နေပြီး မှောက်လျက်အနေအထားနဲ့ ပြင်ပဒဏ်ရာမရှိတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။
ဒါကြောင့် ရေနစ်သေဆုံးတယ်လို့ ယူဆရပြီး အဆိုပါရုပ်အလောင်းကို လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ်နဲ့ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးပြီး ရေနစ်သေဆုံးမှုနဲ့ပတ်သက်လို့ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် အမှန်သိရှိနိုင်ရေးအတွက် မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ်(၇/၂၀၂၃)ဖြင့် ရေးဖွင့်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။