၁၈. ၈. ၂၀၂၃
Written by Pan Ei
ပြီးခဲ့တဲ့ ဇွန်လက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ ဒွန်မောင်းလေဆိပ်မှာ ခရီးသွားအမျိုးသမီးတစ်ဦးက ရွေ့လျားနေတဲ့ လူသွားလမ်း စက်လှေကားတစ်ခုပေါ်မှာရှိနေချိန် ဘယ်ဘက်ခြေထောက် ညပ်ခဲ့တဲ့ရတဲ့ ဖြစ်စဉ်ဟာ နိုင်ငံတကာသတင်းခေါင်းကြီးပိုင်းတွေမှာ ပါလာခဲ့ပြီး အခုတစ်ခါလည်း ထိုင်းဈေးဝယ်စင်တာတစ်ခုရဲ့ စက်လှေ ကား မှာ ခြေထောက်ညပ်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ Pathum Thani ပြည်နယ်က ဈေးဝယ်စင်တာတစ်ခုမှာ ဩဂုတ်လ ၁၆ ရက် ညက ဆယ်ကျော်သက်ကောင်လေးတစ်ယောက် စက်လှေကားမှာ ခြေထောက်ညပ်ကာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အသက် ၁၇ နှစ်အရွယ် Jirapath လို့အမည်ရတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ စက်လှေကားစီးချိန်မှာ အားကစားဖိနပ်စီးထားတာဖြစ်တယ်လို့ သိရပြီး မြေပြင်ပေါ်ရောက်ခါနီးမှာ ခြေထောက်ညပ်သွားခဲ့ခြင်းဖြစ်ကာ စတိုးဆိုင်ဝန်ထမ်းတွေက ကူညီဆောင်ရွက်ပေးခဲ့ပြီး Rangsit Medical ဆေးရုံကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့ ဒဏ်ရာရရှိထားတဲ့ အခြေအနေကိုတော့ သတင်းတွေမှာ ဖော်ပြထားခြင်းမရှိပေမဲ့ ဆေးကုသစရိတ်အားလုံးကိုတော့ ဈေးဝယ်စင်တာကနေ ပေးဆောင်သွားမှာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။
အခုဖြစ်ရပ်မတိုင်ခင် ထိုင်းနိုင်ငံမှာ စက်လှေကားမတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပြီး ဇွန်လက ဒွန်မောင်းလေဆိပ်ဖြစ်ရပ်အပြင် ပြီးခဲ့တဲ့လကလည်း စမွတ်ပရာကန်ခရိုင် ဘန်နခရိုင်က စျေးဝယ်စင်တာတစ်ခုမှာ အမျိုးသားတစ်ယောက် စက်လှေကားစီးရင်း မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့ သိရသလို ပြီးခဲ့တဲ့ အပတ်ကလည်း ထိုင်းမှာပဲ စက်လှေကားထဲကို ကလေးဖိနပ် ညပ်သွားခဲ့ရတဲ့ ဖြစ်စဉ်ကို အင်တာနက်အသုံးပြုသူတစ်ဦးက မျှဝေခဲ့ပါသေးတယ်။
Ref; The Thaiger