၁၆. ၈. ၂၀၂၃
Written by Peya
တစ်ချိန်က အောင်မြင်ခဲ့သော အနေအထားတစ်ခုကို မြန်မာအသင်းက ပြန်ရယူရန် စိတ်အားထက်သန်နေကြောင်း မြန်မာအသင်း နည်းပြချုပ် Michael Feichtenbeiner က ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် ပြောကြားသည်။
မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းတို့မှ နည်းပြချုပ်များ တက်ရောက်သည့် ၂၀၂၃ အာဆီယံယူ ၂၃ ချန်ပီယံ ရှစ်ပြိုင်ပွဲ၊အုပ်စု(က) ပွဲကြိုသတင်းစာရှင်းလင်းပွဲအား နံနက်ပိုင်း ၁၁ နာရီ အချိန်က ထိုင်းနိုင်ငံ၊ ရာရောင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအသင်းနည်းပြချုပ်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် တာဝန်ကိုလည်း ယူထားတာမို့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ အနေအထား တစ်ခုကို မြန်မာအသင်း ပြန်ရယူဖို့ စိတ်အားထက်သန်နေပါတယ်။ ဒီနိုင်ငံမှာက ဘောလုံးအားကစားကို ရူးသွပ်ကြပြီး လူငယ်ကစားသမားတွေလည်း ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ အင်ဒိုနီးရှားလိဂ်မှာလည်း နည်းပြလုပ်ခဲ့ဖူးတဲ့အတွက် အင်ဒိုနီးရှားက ဘောလုံးအင်အားကြီးနိုင်ငံဖြစ်နေပြီဆိုတာ သိပါတယ်။ အလားတူ မလေးရှားကလည်း တိုးတက်နေသလို လိဂ်ပြိုင်ပွဲတွေနဲ့ ထိုင်းဘောလုံးလောကလည်းပဲ တောင့်တင်းနေပါပြီ။ အာဆီယံဒေသတွင်း အသင်းတွေ အများကြီး တိုးတက်နေကြပါတယ်” ဟု နည်းပြချုပ်က ဆိုသည်။
မြန်မာယူ ၂၃ အသင်းအနေဖြင့် ကစားသမားအားလုံး ဒဏ်ရာကင်းစင်ကာ လေ့ကျင့်မှုလည်း ကောင်းစွာရှိနေကြောင်း နည်းပြချုပ်က ပြောသည်။
“ဒီပြိုင်ပွဲကနေ အခုလာမယ့် စက်တင်ဘာလ အာရှခြေစစ်ပွဲတွေနဲ့ အာရှအားကစားပွဲတော်တို့အတွက် သာမက နောက်နှစ်ဆီးဂိမ်းစ်အတွက်ပါ ကစားသမားသစ်တွေ မြင်တွေ့ရမှာ ဖြစ်ပြီး သူတို့အတွက်လည်း နိုင်ငံတကာ အတွေ့အကြုံတွေ ရရှိမှာပါ။ ကျွန်တော်တို့ အုပ်စုမှာ ပြီးခဲ့တဲ့ ဆီးဂိမ်းစ် (ကမ္ဘောဒီးယား) ဆီမီးဖိုင်နယ်မှာ တွေ့ခဲ့တဲ့ ထိုင်းအသင်းနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာ ဖြစ်သလို တောင့်တင်းတဲ့ ကမ္ဘောဒီးယားနဲ့လည်း ဆုံတွေ့ဖို့ရှိပါတယ်။ သူတို့နဲ့ ဆီးဂိမ်းစ် ကစားခဲ့ဖူးတော့ သူတို့အသင်းကောင်း တွေဖြစ်တယ်ဆိုတာ သိထားပြီးသားပါ။ ဘရူနိုင်းအသင်းနဲ့ကတော့ ကျွန်တော့်အတွက် ပထမဆုံး တွေ့ဆုံရတာဖြစ်လို့ တကယ်ကို စိတ်ဝင်စားစရာပါပဲ။ ကျွန်တော်တို့အသင်းရဲ့ လူငယ်ကစားသမားသစ်လေးတွေအတွက် ဒီပြိုင်ပွဲကနေ အတွေ့အကြုံကောင်းတွေ ရယူသွားပါမယ်” ဟုလည်း မြန်မာအသင်းနည်းပြချုပ်က ဆိုသည်။