၁၆. ၈. ၂၀၂၃
Translated by Htwe Ko Tun
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းအခြေအနေများနှင့် ကြိုတင်ပြင်ဆင်မှု မပြုလုပ်ရသေးမှုများကြောင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၆ ခုနှစ်တွင် တာဝန်ယူဦးမည်မဟုတ်ဟု သိရကြောင်း သံတမန်သတင်းအရင်းအမြစ်များအရ သိရသည်။
၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံက ၂၀၂၇ ခုနှစ်တွင် ပြန်လည်၍ တာဝန်ယူမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် အင်ဒိုနီးရှားက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူအပြီး ၂၀၂၄ ခုနှစ်၌ လာအိုက ဆက်လက်တာဝန်ယူကာ ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံက တာဝန်ယူမည်ဖြစ်ကြောင်းလည်းသိရသည်။
မြန်မာအစိုးရ၏ အဆိုပါဆုံးဖြတ်ချက်က မြန်မာနိုင်ငံအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်မှ အာဏာထိန်းမှုပြုလုပ်ခဲ့ပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများနှင့်ကြုံတွေ့နေရမှုကို ရည်ညွှန်းနေသည်ဟု ဆိုကြသည်။မြန်မာအစိုးရအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အမည်ခံ လက်နက်ကိုင်အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း နိုင်ငံအနှံ့ ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံက ၂၀၀၆ ခုနှစ်ကလည်း ယခုကဲ့သို့ပင် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရန် အလှည့်ကိုကျော်၍ ဆောင်ရွက်ခဲ့ဖူးသည်။ အာဆီယံ ပဋိညာဉ်အရ အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံအမည်များ၏ အင်္ဂလိပ်စာ အက္ခရာအရ တစ်နှစ်သက်တမ်းရှိ အာဆီယံဥက္ကဋ္ဌနေရာကို အလှည့်ကျတာဝန်ယူ ထမ်းဆောင်ကြရခြင်းဖြစ်သည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် အာဆီယံညှိနှိုင်းရေးကောင်စီ၊ အာဆီယံ အဖွဲ့အစည်းကောင်စီသုံးခု၊ သက်ဆိုင်သော အာဆီယံဝန်ကြီးများအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများအပြင် အမြဲတန်းကိုယ်စားလှယ်များကော်မတီတို့အားလုံးအတွက် ဆက်စပ် ဆွေးနွေးပွဲအားလုံးကို တာဝန်ယူ ကျင်းပပေးရမည်ဖြစ်သည်။
Ref—-Thai PBS