၁၆. ၈. ၂၀၂၃
Written by Pan Ei
တောင်ကိုရီးယားနာမည်ကြီး အမျိုးသား အဆိုရှင်အဖွဲ့ EXO ရဲ့ အဓိကအဆိုရှင်တစ်ဦးဖြစ်တဲ့ Chen ဟာ ပြီးခဲ့တဲ့ သုံးနှစ်ကျော်လောက်က အနုပညာရှင်မဟုတ်တဲ့ ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး အခုအချိန်မှာ ကလေးနှစ်ယောက်ရနေပြီဖြစ်ကာ သူတို့နှစ်ဦးဟာ လာမယ့်အောက်တိုဘာလမှာတော့ တရားဝင်မင်္ဂလာပွဲကျင်းပတော့မှာဖြစ်တယ်လို့ ဒေသခံ မီဒီယာတွေက ဒီနေ့ ဩဂုတ်လ ၁၆ ရက်မှာ ဖော်ပြခဲ့ကြပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလက Chen ဟာ ရုတ်တရက်ဆိုသလိုပဲ သူ့ရဲ့ လက်ထပ်ခဲ့တယ်ဆိုတဲ့ သတင်းကို ကိုယ်တိုင် ကြေညာခဲ့တာကြောင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါသေးတယ်။
၂၀၂၀ ခုနှစ်မှာပဲ သူတို့ရဲ့ ပထမ သားဦးလေးကို မွေးဖွားခဲ့ပြီး ၂၀၂၂ ဇန်နဝါရီလတုန်းက သူ စစ်မှုထမ်းနေချိန်အတွင်းမှာ ဒုတိယကလေးကို မွေးဖွားခဲ့တာဖြစ်ကာ သူတို့စုံတွဲဟာ တရားဝင်လက်ထပ်ထားတာဖြစ်ပေမဲ့ လက်ထပ်ပွဲအခမ်းအနားတော့ မကျင်းပရသေးပါဘူး။
လာမယ့် အောက်တိုဘာမှာ ကျင်းပတော့မယ့် သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် ခုချိန်မှာ တိတ်တဆိတ် ပြင်ဆင်နေကြတယ်လို့ သိရသလို Chen ဟာ EXO အဖွဲ့ဝင်တွေ၊ မိသားစုတွေနဲ့ အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတွေကိုပဲ မင်္ဂလာပွဲကို ဖိတ်ကြားသွားမှာဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ စောင့်ဆိုင်းနေကြတဲ့ EXO အဖွဲ့ရဲ့အယ်လ်ဘမ် EXIST ဟာလည်း မကြာသေးမီက ထွက်ရှိခဲ့ပြီး စတင်ရောင်းချပြီး ပထမအပတ်မှာပဲ အယ်လ်ဘမ် ၁ ဒသမ ၅ သန်းရောင်းချခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
Ref; Koreaboo