၁၆. ၈. ၂၀၂၃
Written by Nay Aung
ရုရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံကို Su-30 SME အမျိုးအစား တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရုရှားစစ်ဘက်သုံးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ FSMTC အကြီးအကဲ Dmitry Shugaev က ထုတ်ဖော်ပြောဆိုလိုက်သည်။ ထို့အပြင် Pantsir S1 အမျိုးအစား တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် လွှဲပြောင်းပေးနိုင်ရန် အချိန်သတ်မှတ်နိုင်ရန် စီစဉ်နေဆဲဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
FSMTC အကြီးအကဲ Dmitry Shugaev သည် ရုရှားနိုင်ငံတွင် သြဂုတ် ၁၂ ရက်မှ စတင်ကျင်းပခဲ့သော Army-2023 forum ဖိုရမ်အတွင်း မြန်မာနိုင်ငံကို တိုက်လေယာဉ်များ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက ” ကျွန်တော်တို့ဟာ ၂၀၂၂ ခုနှစ်တုန်းက မြန်မာနိုင်ငံကို Su-30 SME အမျိုးအစား တိုက်လေယာဉ်နှစ်စီး လွှဲပြောင်းပေးခဲ့တယ်။ စာချုပ်မှာသတ်မှတ်ထားတဲ့ အချိန်အတိုင်း ကျန်ရှိတဲ့တိုက်လေယာဉ်တွေကို အချိန်မီလွှဲပြောင်းပေးသွားဖွယ်ရှိနေပါတယ်။” ဟုပြောသည်။
ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို Yak-130 အမျိုးအစားတိုက်ခိုက်ရေးလေ့ကျင့်ရေးလေယာဉ်များ၊ စစ်လက်နက်နှင့် ကျည်ဆံများ ကူညီထောက်ပံ့ပေးနိုင်မည့်စာချုပ်ကို အကောင်အထည်ဖော်ရေး ဆက်လက်လုပ်ကိုင်နေကြောင်း FSMTC အကြီးအကဲ Dmitry Shugaev ကပြောသည်။ ၎င်းက ” မြန်မာနိုင်ငံကို Pantsir-S1 အမျိုးအစားလေကြောင်းရန်ကာကွယ်ရေးစနစ် လွှဲပြောင်းပေးနိုင်ဖို့ စည်းကမ်းအချိန်သတ်မှတ်မှုတွေ လုပ်ဆောင်နေပါတယ်” ဟုပြောသည်။
ရုရှားနိုင်ငံအနေဖြင့် အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများအနက် ရုရှားနိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနိုင်ရန် အဆင့်သင့်ရှိနေကြောင်း ၎င်းကပြောခဲ့သည်။ ရုရှားနိုင်ငံသည် မြန်မာနိုင်ငံသို့ Pantsir-S1 အမျိုးအစား တာတိုပစ် ဒုံးကျည် လေကြောင်းရန်ကာကွယ်ရေးစနစ်နှစ်ခု လွှဲပြောင်းပေးရန် ၂၀၂၁ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၁၈ ခုနှစ်တွင် ရုရှားနှင့် မြန်မာနိုင်ငံကြား Su-30 SME အမျိုးအစား တိုက်လေယာဉ်များ လွှဲပြောင်းဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း ရုရှားမီဒီယာများက ဖော်ပြထားသည်။
Ref- — interfax