၁၆. ၈. ၂၀၂၃
Written by Peya
မြဝတီ အာရှလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၅၅ နှင့် ၁၅၆ ကြားတွင် မြေသားအနည်းငယ် ပြိုကျကာ လမ်းပိတ်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း အဆိုပါ လမ်းပိုင်းကို အသုံးပြုကာ လုပ်ငန်းဆောင်ရွက်နေသူ ဒေသခံ ကုန်သည်တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြဝတီ – ကော့ကရိတ် အာရှကား လမ်းမကြီး၏ မြေပြိုပြီး လမ်ပိတ်နေသော နေရာတို့မှ မြေပြိုနေသည်များကို ဖယ်ရှားပြီး အိမ်စီးကားများ၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များအတွက် လမ်းတစ်ခြမ်းဖွင့်ပြီး ဩဂုတ်လ ၁၅ ရက်တွင် ပြန်လည် သွားလာစေနိုင်ခဲ့ကြောင်း သိရသည်။
“မနေ့က ညနေပိုင်းမှာ မိုးသည်းသေးတယ်လေ။ အဲ့ဒီတော့ အာရှလမ်းမကြီး မိုင်တိုင်အမှတ် (၁၅၅) နဲ့ (၁၅၆) ကြားမှာ မြေနည်းနည်းထပ်ပြိုတယ်။ ပြီးတော့ လမ်းပိတ်တာ ဖြစ်ခဲ့ပါသေးတယ်။ အဲဒါကိုတော့ အမြန်ဆုံး ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ ဒါက ကျွန်တော် နောက်ဆုံးသိထားရတဲ့ သတင်းပါ” ဟု အထက်ပါ ကုန်သည်က ဆိုသည်။
မိုင်တိုင်(၁၄၉)နှင့် (၁၄၉ ဒသမ ၅)ကြားတွင် ကားလမ်းအောက်ခံမြေသားအကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်း အရှည်ပေ ၁၅၀ ခန့် ပဲ့ကျသည့်နေရာကိုလည်း ဩဂုတ် ၁၀ ရက်မှစ၍ ယာယီဘေလီတံတားထိုးနိုင်ရေး လမ်းပြင်ဆင်မှုနှင့်ပတ်သက်သည့် ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိပြီး ယာဉ်ယန္တရားများဖြင့် လမ်းပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရာသီဥတုအခြေအနေကောင်းမွန်ပြီး လုပ်အားအပြည့်ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ပါက သတ်မှတ်ရက်ထက် ပိုမိုဆောလျင်စွာ ပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ လမ်းပြင်ဆင်ပြီးမှသာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ ယခုကာလအတွင်း လူစီးယာဉ်များနှင့် ပစ္စည်းသယ်ယာဉ်ငယ်များကို ယခင်အသုံးပြုခဲ့သည့် မြဝတီ-ကော့ကရိတ် လမ်းဟောင်းဖြစ်သော ထို့ကော်ကိုးလမ်းပိုင်းမှ နေ့စဉ်သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ သိရသည်။