၁၆. ၈. ၂၀၂၃
Written by Naing Thuta
သုံးရက်ခန့်ပျောက်ဆုံးနေသော အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းအား မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ ၅၉လမ်း နှင့် ၁၁၃ လမ်းအနီးရှိ ရေမြောင်းတစ်ခုအတွင်းမှ ယနေ့ သြဂုတ်လ ၁၆ ရက်၊ နံနက်က ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
“ဩဂုတ်လ ၁၃ ရက်က ပျောက်သွားတဲ့ အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ရေမြောင်းထဲမှာ တွေ့လို့ အဲ့နားမှာနေတဲ့သူတစ်ဦးက ကျွန်တော်တို့အသင်းကို အကြောင်းကြားတော့ သွားကယ်ဆယ်ခဲ့တာပါ။ ဘာလို့တန်းသိတာလည်းဆိုတော့ အဲ့ကလေးပျောက်နေတယ်ဆိုတာ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတောင် မနေ့က ကလေးပျောက် ကြော်ငြာထားတာ တွေ့လိုက်မိတယ်။ ဒါကြောင့်အဲ့အသင်းကို လှမ်းအကြောင်းကြားပြီး မိဘတွေကို တဆင့်ပြန်အကြောင်းကြားခိုင်းလိုက်တာ့ မိဘတွေရောက်လာပြီး စစ်ကြည့်တော့ သူတို့ကလေးဖြစ်နေတယ်“ ဟု ပရဟိတလူမှုကူညီရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောခဲ့သည်။
၎င်းက “ဘယ်လိုပျောက်တယ်ဆိုတာတော့ မမေးကြည့်တော့ဘူး။ ကလေးက ပျောက်သွားတာ သုံးရက်ကြာပြီဆိုတော့ ရုပ်အလောင်းကလည်းပုပ်ပွနေတာပဲ။ ကလေးက ချောင်းထဲပြုတ်ကျသေသွားတာဖြစ်မယ်လို့ ပတ်ဝန်းကျင်က ပြောနေသံတွေကြားတယ်။ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပါတယ်”ဟု ဆက်လက်ပြောခဲ့သည်။