၁၆. ၈ .၂၀၂၃
Written by Hey Mar
သိမ်ကြီးစျေး ဒီရုံ အပေါ်ထပ်ကားပါကင်ကနေ Toyota Caldina တစ်စီး အုတ်နံရံကိုတိုက်မိ ဖေါက်ထွက်ကာ မြေပြင်သို့ပြုတ်ကျလုနီးနီး ဖြစ်ခဲ့တဲ့ ဖြစ်စဥ် ဒီနေ့ သြဂုတ် ၁၆ ရက် မနက်အစောပိုင်းမှာဖြစ်ခဲ့ပြီး လူထိခိုက်မှု ကြီးကြီးမားမားတော့ မရှိခဲ့ဘူးလို့ မတော်တဆမှုဖြစ်တဲ့ ကားပါကင်မှ လုံခြုံရေးဝန်ထမ်းက ဆိုပါတယ်။
အဆိုပါ ဖြစ်စဥ်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီး ကားနဲ့ ကားပိုင်ရှင်တွဲလျက် သိရှိနေသူတွေက ဝိုင်းဝန်း စနောက်နေကြတာကိုလည်း တွေ့ရပါတယ်။ အဆိုပါကားရဲ့ ပိုင်ရှင်က အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားချက်တွေအရ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကမှ ကားကို ဝယ်ခဲ့ပုံရတာလဲ သိရပါတယ်။
ငိုအားထက် ရယ်အားသန်ရတဲ့ ဖြစ်စဥ်မျိုး ဖြစ်သွားရတာကလဲ အမျိုးသမီးငယ်က ကားဝယ်ယူစဥ်မှာ “ကြိုက်လို့တော့ဝယ်လိုက်တယ် ပါကင်မထိုးတတ်ဘူး” ဆိုတဲ့စာသားနဲ့ ကားပုံတွဲလျှက် လူမှုကွန်ရက်မှာ တင်ထားပြီး အခုမတော်တဆမှု ဖြစ်တာကလဲ ကားပါကင်မှာ ဖြစ်သွားမို့ အခုလို စ နောက်ခံနေရတာလဲ ဖြစ်ပါတယ်။
သိမ်ကြီးစျေး ဒီရုံ လုံခြုံရေးဝန်ထမ်းက “ယာဥ်မောင်းလဲ မမြင်လိုက်ဘူး။ ဖြစ်စဥ်လဲ မမြင်လိုက်ပါဘူး။ ကျွန်တော်ရောက်တော့ ဖြစ်ပြီးသွားပြီမို့ သေချာ မသိတာပါ။ ဖြစ်စဥ်က မှန်ပါတယ်” လို့ MT News ကို ပြောပြသလို ကားပါကင် အောက်ထပ် AAA လျှပ်စစ် ပစ္စည်းဆိုင်ကလည်း “ညီမတို့ ဆိုင်က ၁၀ နာရီ မှ ဖွင့်တာမို့ ဆိုင်လာဖွင့်တော့ အကုန် ရှင်းလင်းပြီးနေပါပြီ” လို့ ဆိုပါတယ်။
အဆိုပါ ယာဥ်ပိုင်ရှင် အမျိုးသမီးငယ်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သူ့ကားအမှန်ဖြစ်ကြောင်း ထပ်မံ post တင်ထားပြီး အဲ့ဒီ post အောက်မှာလဲ “သူကားပါကင်မထိုးတတ်တာ ယုံပြီ” ဆိုပြီး ထပ်မံ စနောက်နေကြသလို၊ “သူအဆင်ပြေရဲ့လား ကြီးကြီးမားမား ထိခိုက်သွားလား” စသဖြင့် စိုးရိမ်မေးမြန်းနေကြတာလဲ တွေ့ရပါတယ်။
ဓာတ်ပုံ – YE Naing