၁၆. ၈. ၂၀၂၃
Written by Nyein Kyaw
ဩဂုတ်လ ၁၅ ရက်တွင် ကြေညာခဲ့သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွင်းသို့ ဝင်ရောက် လေ့လာဖူးမြော်မည့်သူများကို ဝင်ကြေးကောက်ခံမှုနှုန်းထားများအနက် ဩဂုတ်လ ၁၆ ရက်တွင် ထပ်မံ ကြေညာချက်အရ အခြားဝင်ကြေးနှုန်းထားများ ပြောင်းလဲမှုမရှိဘဲ ဖုန်းဖြင့်ရိုက်ကူးမည့်သူများအား အခကြေးငွေကောက်ခံမှုတစ်ခုကိုသာ ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဩဂုတ်လ ၂၀ ရက်မှစတင်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဝင်ရောက်လေ့လာဖူးမြော်သူ လူကြီးတစ်ဦးလျှင် ကျပ် ၁,၀၀၀၊ ကလေးတစ်ဦးလျှင် (ရင်ခွင်ပိုက်မပါ) ကျပ် ၁,၀၀၀၊ နိုင်ငံခြားသား တစ်ဦးလျှင် ၁၀ ဒေါ်လာ၊ အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ)အတွက် ကျပ် ၅,၀၀၀၊ အလှရိုက်ဓာတ်ပုံ/Video (Pre-Wedding)အပါ ကျပ် ၅၀,၀၀၀ (နာရီဝက်ပိုတိုင်း ကျပ် ၅,၀၀၀)၊ ယာဉ်ဝင်ခွင့် တစ်စီးလျှင် (ကား Parking အထိ) ကျပ် ၂၀,၀၀၀ နှင့် Buggy တစ်စီးလျှင် (လေးယောက်စီး) တစ်နာရီ ကျပ် ၁၀,၀၀၀ ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါ ဝင်ကြေးကောက်ခံမှုနှုန်းထားအား ဩဂုတ်လ ၁၅ ရက်က ကြေညာပြီးနောက် အများပြည်သူများအကြား ဝင်ခွင့်နှုန်းထားများ များနေသည့်အတွက် ပြန်လည်ပြင်ဆင်ပေးစေလိုကြောင်း တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။
ဩဂုတ်လ ၁၆ ရက်(ယနေ့) ပြောင်းလဲပြင်လိုက်သည့် ဝင်ကြေးများထုတ်ပြန်ရာတွင် မူလကြေညာထားသော ဝင်ကြေးကောက်ခံမှုတွင် ပါဝင်သည့် အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ)အတွက် ကျပ် ၅,၀၀၀ နေရာတွင် အပျော်ရိုက်ကင်မရာအတွက် ကျပ် ၅,၀၀၀ ဟုသာ ပြောင်းလဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အခမဲ့ဖူးမြော်ခွင့်ကို ဩဂုတ်လ ၈ ရက်မှ ၁၆ ရက်အထိ သတ်မှတ်ခဲ့သော်လည်း ဩဂုတ်လ ၁၉ ရက်အထိ ထပ်မံတိုးမြှင့်ပေးထားပြီး ဩဂုတ်လ၂၀ ရက်နှင့် နောက်ပိုင်း လာရောက်ဖူးမြော်သူများကို ဝင်ကြေးကောက်ခံသွားမည်ဖြစ်သည်။ အခမဲ့ဖူးမြော်ခွင့် စတင်ပေးခဲ့သည့် အချိန်မှစ၍ လာရောက်ဖူးမြော်ကြည်ညိုသူ များပြားခဲ့ခြင်းဖြစ်ပြီး ရုံးပိတ်ရက်များတွင် ဘုရားကြီးသို့ ဘုရားဖူးပြည်သူများ ပိုမိုလာရောက်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက် ရုံးပိတ်ရက် (စနေနေ့) တစ်ရက်တည်းတွင် ရဟန်း၊ ရှင်လူဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုသူ ၅၀,၀၀၀ ခန့်ရှိပြီး ဩဂုတ်လ ၁၃ ရက် ရုံးပိတ်ရက် တနင်္ဂနွေနေ့ တစ်ရက်တည်းတွင် ၈၀,၀၀၀ ခန့်အထိရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရသည်။