၁၆. ၈. ၂၀၂၃
Written by Pan Ei
ကမ္ဘာ့ဘောလုံးကြယ်ပွင့် နေမာဟာ ပီအက်စ်ဂျီ ကလပ်အသင်းမှာ ခြောက်နှစ်ကြာကစားပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံ အယ်ဟီလယ် ကလပ်အသင်းနဲ့ နှစ်နှစ်စာချုပ်နဲ့ ရောက်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
နေမာဟာ အယ်ဟီလယ် အသင်းကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေ ခုသီတင်းပတ်အတွင်းမှာ အတော်လေးကို ပျံ့နှံ့နေခဲ့တာဖြစ်ပြီး အင်္ဂါနေ့ ဩဂုတ်လ ၁၅ ရက်မှာတော့ သူတို့ဟာ ယူရိုသန်း ၉၀ (ဒေါ်လာ ၉၈ ဒသမ ၂၄ သန်း) နဲ့ အတူ အခြားအပိုကြေးတွေနဲ့ သဘောတူညီမှုရရှိကာ တရားဝင်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။
ဆော်ဒီပရော်ဖက်ရှင်နယ်လိဂ် (SPL) ပြိုင်ပွဲရဲ့ အယ်ဟီလယ် ကလပ် အသင်းက နေမာနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့ကြောင်းကို နေမာက “ကျွန်တော် ဆော်ဒီအာရေဗျမှာ ရှိနေတယ်” ဆိုပြီး ပြောထားတဲ့ ဗီဒီယိုကို အသင်းရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ တင်ပြီး ကြေညာခဲ့တာပါ။
“ကျွန်တော်ဥရောပမှာ အများကြီးအောင်မြင်ခဲ့ပြီး အချိန်ကောင်းတွေကို ပျော်မွေ့ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်အမြဲတမ်းကမ္ဘာ့ကစားသမားတစ်ယောက်ဖြစ်ချင်ပြီး နေရာအသစ်တွေမှာ စိန်ခေါ်မှုအသစ်တွေနဲ့ ကိုယ့်ကိုကိုယ် စမ်းသပ်ချင်တယ်” လို့ ပါရီမြို့မှာ အင်္ဂါနေ့က စာချုပ်လက်မှတ်ရေးထိုးပြီးနောက် နေမာ က ပြောကြားခဲ့ပါတယ်။
နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာကနေ ပီအက်စ်ဂျီ အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူဟာ ပီအက်စ်ဂျီအသင်းအတွက် ၁၇၃ ပွဲကစားကာ ၁၁၈ ဂိုးသွင်းယူခဲ့ပြီး လီဂူး 1 ဖလား ငါးကြိမ်အပါအဝင် ဆုဖလားများစွာကို ဆွတ်ခူးပေးခဲ့ပါတယ်။
နေမာဟာ ၂၀၁၅ ခုနှစ်က ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားကိုရရှိခဲ့ပေမဲ့ ၂၀၂၀ ခုနှစ်က ပီအက်စ်ဂျီ အသင်းကို ရောက်ရှိနေချိန် ဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပြီး ပီအက်စ်ဂျီအတွက်တော့ ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့ခြင်းမရှိပါဘူး။
အယ်ဟီလယ် အသင်းဟာ နေမာရဲ့ အရင်အသင်းဖော်ဟောင်း ပြင်သစ်တိုက်စစ်မှူး Kylian Mbappe နဲ့ မက်ဆီ တို့ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး အသင်းအနေနဲ့ မကြာသေးမီက အာရပ်ဖလား ဗိုလ်လုပွဲမှာ ရော်နယ်ဒို ရှိနေတဲ့ အယ်နာဆာ အသင်းကိုရှုံးနိမ့်ခဲ့ပါတယ်။
ဥရောပက ထိပ်သီးကစားသမားတွေနဲ့ နည်းပြတွေကို ငွေကြေးအကုန်အကျများစွာအကုန်ခံပြီး ခေါ်ယူနေတဲ့ ဆော်ဒီပရိုလိဂ်ရဲ့ အခုဘောလုံးရာသီမှာတော့ မြိုင်မြိုင်ဆိုင်ဆိုင်ကစားပွဲတွေနဲ့ အပြိုင်အဆိုင်ပွဲစဉ်တွေကို ကြည့်ရှုကြရတော့မယ်လို့လည်း ဘောလုံးပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။
Ref; Reuters