၁၅. ၈. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံအတွင်းကို တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၇ ဦးကို သြဂုတ် ၁၄ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း Prachuap ပရာချက်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ မြန်မာနိုင်ငံသား ၁၇ ဦးသည် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသမှ တောလမ်းမှတဆင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို ထိုင်းနိုင်ငံ Singkhon ဒေသမှ ၄ ဒသမ ၅ ကီလိုမီတာအကွာရှိ တောစပ်နားတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများက ပြောသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို စစ်ဆေးချိန်အတွင်း တရားဝင် စာရွက်စာတမ်း အထောက်အထားများမရှိကြောင်း၊ ၎င်းတို့ သည် ထိုင်းနိုင်ငံ ဆာမတ်ဆာခွန်ဒေသ၊ ဆောင်ခလာဒေသ၊ Phang Nga ဒေသတို့အပြင် မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ရန်စီစဉ်ထားသူများဖြစ်ကြောင်း ထိုင်း Khiri Khan ရဲစခန်းမှ သတင်းထုတ်ပြန်ထားသည်။ ဖမ်းဆီးခဲ့သော မြန်မာနိုင်ငံသား ၁၇ ဦးတွင် အမျိုးသား ၁၁ ဦး နှင့်အမျိုးသမီး ၆ ဦးတို့ဖြစ်ပြီး မြန်မာနိုင်ငံ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ မြိတ်ဒေသတို့တွင် နေထိုင်သူများဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင်လာရောက်သူများဖြစ်ကြောင်း ထိုင်း ‘Prachuap ပရာချက် လူဝင်မှုကြီးကြပ်ရေးဌာနက ပြောသည်။
ဖမ်းဆီးရမိသူများအား စကားပြန်ဖြင့် စစ်ဆေးချိန်အတွင်း မြန်မာနိုင်ငံသားများက Phang Nga ဒေသကို သွားရောက်အလုပ်လုပ်ကိုင်ရန် ပွဲစားခ ဘတ် ၁၇,၀၀၀၊ ဆောင်ခလာဒေသကို သွားရောက်အလုပ်လုပ်ရန်အတွက် ဘတ် ၂၀,၀၀၀၊ ဆာမတ်ဆာခွန်ဒေသကို သွားရောက်အလုပ်လုပ်ရန်အတွက် ဘတ် ၂၅,၀၀၀ နှင့် မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ရန်အတွက် ထိုင်းဘတ် ၄၈,၀၀၀ ပေးရကြောင်း ဝန်ခံပြောဆိုထားသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ပွဲစားခများအပြည့်အဝ မပေးချေရသေးခင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုကျူးလွန်သောကွန်ရက်နှင့် ဆက်နွယ်သူများကို ဖမ်းဆီးနိုင်ရန်အတွက် မြန်မာနိုင်ငံသားများကို ထပ်မံစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ထိုင်း Khiri Khan ရဲစခန်းက ပြောသည်။
ထိုင်းအာဏာပိုင်များသည် ပြီးခဲ့သောရက်ပိုင်းကလည်း Nakhon Pathom ပြည်နယ်၊ Bang Len မြို့နယ်၊ Bua Pak Tha ကျေးရွာအုပ်စုနားရှိ အဝေးပြေးလမ်းတွင် လိုင်စင်အတုနှင့် ကားတစ်စီးကို မသင်္ကာသည့်အတွက် စစ်ဆေးရန်ကြိုးပမ်းချိန်အတွင်း ကားကို ရပ်တန့်မပေးဘဲထွက်ပြေးခဲ့သောကြောင့် လိုက်ခံဖမ်းဆီးခဲ့ရပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅ ဦး ဖမ်းဆီးရမိကြောင်း ရဲမှူးကြီး Jaroonkiat Pankaew က ပြောဆိုထားသည်။
Ref- — naewna