၁၅.၈.၂၀၂၃
Written by Naing Thuta
(၇၇) ကြိမ်မြောက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မန္တလေးရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးတွင် ယနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း မန္တလေးမြို့ပေါ်ရှိ အိန္ဒိယနွယ်ဖွားများထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြိုသစ် (၁) ရပ်ကွက်၊ ၆၅ လမ်းနှင့် ၁၀၂ (A) လမ်းထောင့်ရှိ မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးတွင် (၇၇) နှစ်ကြိမ်မြောက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားအား ယနေ့ (ဩဂုတ်လ ၁၅ ရက်နေ့)မနက် ၉ နာရီမှ ၁၁ နာရီ ၄၀ မိနစ်ခန့်ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Sundeep Kaushal က နိုင်ငံတော်အလံအား လွှင့်တင်ခြင်း၊ အိန္ဒိယသမ္မတနိုင်ငံ သမ္မတမှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ အိန္ဒိယအကများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ အိန္ဒိယကောင် စစ်ဝန်ချုပ်မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ အိန္ဒိယ အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Sundeep Kaushal၊ ဒုတိယကောင်စစ်ဝန်ချုပ် Mr Kujit Singh နှင့်ဝန်ထမ်းများ၊ မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)မှ ပါမောက္ခချုပ် ဒေါက်တာဝင်းအေးနှင့် ပါမောက္ခ ဌာနမှူးများ၊ မန္တလေးမြို့ပေါ်ရှိ အိန္ဒိယနွယ်ဖွားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၁၀၀ ဦးခန့် တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။