၁၅.၈.၂၀၂၃.
Translated by Htwe Ko Tun
ရုရှားနိုင်ငံတောင်ပိုင်း၊ ဒါဂျီစတန်သမ္မတနိုင်ငံရှိ ဓာတ်ဆီဆိုင်တစ်ခုတွင် ဩဂုတ်လ ၁၄ ရက်၊ ဒေသစံတော်ချိန် ည ၂၁း၄၀ နာရီတွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၇ ဦးအထိ သေဆုံးခဲ့ရပြီကြောင်း နောက်ဆုံးသတင်းများက ဖော်ပြခဲ့ကြသည်။
ကတ်စပီယန်ကမ်းရိုးတန်းတွင်ရှိသော ဒါဂျီစတန်သမ္မတနိုင်ငံ၏မြို့တော် မာကတ်ရှ်ကာလာမြို့တွင် ဖြစ်ပွားခဲ့သော အဆိုပါပေါက်ကွဲမှုကြောင့် လူ ၆၀ ကျော်လည်းဒဏ်ရာရရှိထားကာ သေဆုံးသူဦးရေက ထပ်မံမြင့်လာနိုင်ကြောင်းလည်းသိရသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ခဲ့ရခြင်း၏အကြောင်းရင်းကိုမူ သေချာစွာမသိရသေးပေ။ ဓာတ်ပုံများအရ ညအမှောင်ထဲတွင် တောက်လောင်နေသော မီးတောက်များက ကောင်းကင်သို့မြင့်တက်နေသည်ကို တွေ့ကြရပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင် ၂၆၀ ခန့်က ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နေကြကာ ဒဏ်ရာပြင်းထန်သူများကို မော်စကိုမြို့သို့ လေယာဉ်ဖြင့် သယ်ဆောင်ပေးလျက်ရှိသည်။
သေဆုံးရသူများတွင် ကလေးများလည်း ပါဝင်ခဲ့ကြကြောင်း ဆရာဝန်များကပြောခဲ့ကြသည်။ မီးကလည်း ၆၀၀ စတုရန်းမီတာ (၆,၄၆၀ စတုရန်းပေ) အထိပျံ့နှံ့လောင်ကျွမ်းခဲ့ရသည်။ မီးက ဓာတ်ဆီဆိုင်ရှေ့ ကားရပ်ရန်နေရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဟု သိရသော်လည်း မီးလောင်ရခြင်းအကြောင်းရင်းကိုသေချာစွာမသိသေးကြောင်းလည်း သိရသည်။
Ref—–bbc