၁၄.၈.၂၀၂၃
Written By Thandar
ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် Fly Post Production Workshop ကို တက်ရောက်လိုသူတွေ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လာရောက်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ Fly Post Production Workshop ကို တောင်ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်ရုပ်ရှင်ကော်မရှင် (Busan Film Commission ) နဲ့ Asian Film Commission (AFCNet) တို့က ပူးပေါင်းပြီး စီစဉ် ကျင်းပမယ့် Fly Project 2023 ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီ workshop ကို ဗီယက်နမ်နိုင်ငံမှာ နို၀င်ဘာ ၁၁ ရက်ကနေ နိုင်ဝင်ဘာ ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
“အခုကတော့ Post Production နဲ့ ဆိုင်တဲ့ workshop တစ်ခုအတွက် ဖိတ်ကြားထားတာလည်း ရှိပါတယ်။ အဲဒါကFly က လုပ်တာပါ။ Fly က ဘူဆန်ရုပ်ရှင်ကော်မရှင်ကနေပြီး အာရှနိုင်ငံအတွင်းမှာရှိတဲ့ လူငယ် ရုပ်ရှင်မျိုးဆက်သစ်တွေ၊ ဖန်တီးထုတ်လုပ်သူတွေကို သူတို့ဘက်က ပိုက်ဆံအကုန်အကျခံပြီး Project တွေလုပ်ပေးတဲ့ အဖွဲ့အစည်းပါ။ နောက်ပြီး သူတို့က အာဆီယံနိုင်ငံထဲက ကလေးတွေစုပြီး ဇာတ်လမ်းတိုရိုက်ခိုင်းတယ်။ ပြီးတော့ အဲဒါတွေကို အခု Post Production Workshops ကို ပြုလုပ်တာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ မြန်မာနိုင်ငံကနေပြီး နှစ်ဦးတက် ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ တက်ရောက်ခွင့် ရရှိတဲ့သူတွေအနေနဲ့ စရိတ်တွေအားလုံးကို ဘူဆန်ရုပ်ရှင်ကော်မတီက ကျခံပေးမှာပါ။ လုပ်မှာကတော့ ဗီယက်နမ်နိုင်ငံမှာ လုပ်မှာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ပြန်ကြားရေးမှူး ဦးချမ်းသာကြည်စိုးက MT News ကို ပြောပါတယ်။
အဆိုပါ အစီအစဉ်တွင် ပါ၀င်လိုသူဟာ ဒါရိုက်တာ ထုတ်လုပ်သူ (သို့မဟုတ်) Post Production ပိုင်းဆိုင်ရာအတွေ့အကြုံရှိသူ ဖြစ်ရမှာဖြစ်ပါတယ်။ ဒါ့ပြင် အနည်းဆုံး ရုပ်ရှင် ဇာတ်ကားတစ်ကားကို Credit တစ်ခုပါရှိရမှာဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲတွေမှာ အတွေ့အကြုံရှိသူဖြစ်ဖို့လိုအပ်ပြီး ပါ၀င်ဆောင်ရွက်ထားတဲ့ အထောက်အထားတွေကိုလည်း ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။
“အဲဒီ Workshops ကတော့ လေး ရက်ကြာမယ့် အစီအစဉ်ပါ။ အဲဒီ Fly က လုပ်တဲ့အစီအစဉ်တစ်ခုကိုပဲ ပြီးခဲ့တဲ့လပိုင်းက ပဲ Production နဲ့ ပတ်သက်တဲ့ Producer နဲ့ ပတ်သက်တဲ့ အစီအစဉ်ကို တက်ရောက်ဖို့ ဖိတ်ခေါ်လာတဲ့အတွက် မြန်မာနိုင်ငံ အစည်းအရုံးအနေနဲ့ ဆယ်ရက်ကြာမယ့် အဲဒီအစီအစဉ်ကို တက်ရောက်ဖို့ နှစ်ဦးကို ရွေးချယ်ထားပြီးပါပြီ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာက ရုပ်ရှင်ပွဲတော်တွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့နိုင်ငံတကာ သတင်းအချက်အလက်တွေ အမြဲရှိပါတယ်။ ရုပ်ရှင်နဲ့ပတ်သက်တဲ့ နိုင်ငံတကာအခွင့်အလမ်းတွေကိုလည်း အမြဲချိတ်ဆက်ပေးနေတာဖြစ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ Page ကိုလည်း မကြာခဏ ၀င်ကြည့်ပေးစေချင်ပါတယ်” လို့ သူကဆက်ပြောပါတယ်။
ဘူဆန်အာရှရုပ်ရှင်ကျောင်း AFIS သို့မဟုတ် ဘူဆန်အာရှရုပ်ရှင် အကယ်ဒမီ BAFA တွင် အတွေ့အကြုံရှိသူကိုဦးစားပေးမှာဖြစ်ပြီး ရွေးချယ်ခံရသူ ပုဂ္ဂိုလ် ၂ ဦးအတွက်လည်း အသွားအပြန်စရိတ်အပါ အ၀င် နေထိုင်စားသောက်စရိတ်တွေကိုပါ Busan Film Commission က အကုန်အကျခံမယ်လို့ သိရပါတယ်။