၁၄. ၈. ၂၀၂၃
Written By Thandar
AINDA Film Production က စီစဉ်ထုတ်လုပ်သူ အောင်ကြီးရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနားနဲ့ သရုပ်ဆောင် အိမ့်ချစ်ချစ် ကို ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ဩဂုတ်လ ၁၄ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် Sky Star Hotel မှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ သရုပ်ဆောင် နေမင်း၊ စည်ဖြိုး၊ သုတအောင်၊ ပွင့်နဒီမောင်၊ ဘုန်းလျှံ၊ အကယ်ဒမီ စိုးပြည့်သဇင်၊ မျိုးစန္ဒီကျော်၊ အိမ့်ချစ်ချစ်၊ မာဂရက်၊ နန်းဝေဝေမြင့်၊ အကယ်ဒမီ ချိုပြုံး၊ ဦးဝင်းမြိုင် စတဲ့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး ဇာတ်ကားတွေ ရိုက်ကူးထုတ်လုပ်မယ့် အကြောင်းကို AINDA ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ထုတ်လုပ်သူ အောင်ကြီး နဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)တို့က မိတ်ဆက်ပြောကြားခဲ့ပါတယ်။
“AINDA ရုပ်ရှင်ထုတ်လုပ်ရေးကနေပြီး ဇာတ်ကောင်းပေါင်းများစွာကို ရိုက်ကူးသွားမှာပါ။ ထုတ်လုပ်ရေးအသစ်ဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေရှိပေမယ့်လည်း အများကြီးဆက်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ ရုပ်ရှင်ထုတ်လုပ်ရေးက ကိုဆာမိ (ဒါရိုက်တာ စတီးလ်)နဲ့ပဲ ဇာတ်ကားတွေ ရိုက်သွားမှာမဟုတ်ပါဘူး၊ တခြားသူတွေနဲ့လည်း ဆက်ပြီးတော့ အလုပ်လုပ်ဖို့လည်း ရှိတယ်။ ကုမ္ပဏီနဲ့ လိုက်လျောညီထွေရှိမယ့် ဇာတ်လမ်းတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ သဘက်ခါလောက်ကျရင် နိုင်ငံကြီးသား ၂ ရုပ်ရှင်ဇာတ်ကားကို ဆက်လက်ရိုက်ကူးသွားမှာပါ ”လို့ AINDA ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ထုတ်လုပ်သူ ကိုအောင်ကြီးကပြောပါတယ်။
ထို့နောက် သရုပ်ဆောင်သစ် အိမ့်ချစ်ချစ် နဲ့ အတူ လက်တွဲအနုပညာတွေ ဖန်တီးဖို့အတွက် လက်မှတ်ရေးထိုးပြီး ဇာတ်ကားတွေရိုက်ကူးမယ့် အကြောင်းကို သရုပ်ဆောင် မျိုးစန္ဒီကျော်က ရှင်းလင်းပြောဆိုပါတယ်။ AINDA ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ကိုယ်လုပ်တော်၊ မိကောင်းဖခင်သားသမီး၊ အရူးလက်မှတ်၊ Single Mother Lady Tiger အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ နိုင်ငံကြီးသား 2 ရုပ်ရှင် ဇာတ်ကားကို သုတအောင်၊ ဘုန်းလျှံ၊ အောင်လေး၊ ရဲရင့်၊ ဥက္ကကျော်၊ ဘရန်မ်ဒိုလီ၊ ဘိုချမ်း၊ ပိုင်စစ်မှူး၊ ဦးဝင်းမြိုင်၊ မျိုးစန္ဒီကျော်၊ အိမ့်ချစ်ချစ်၊ အကယ်ဒမီ ချိုပြုံး၊ လင်းလက်ခွန်းချို၊ မာဂရက်၊ အထူးဧည့်သည်သရုပ်ဆောင် ကျော်ကျော်၊ ဆုမြတ်နိုးဦး တို့က ပါဝင် သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။
“AINDA ရုပ်ရှင်ထုတ်လုပ်ရေးက ကိုအောင်ကြီးက နိုင်ငံကြီးသား ၂ ကို ရိုက်ချင်တယ်၊ စီစဉ်လိုက်ပါဆိုလို့ စီစဉ်ဖြစ်သွားတာပါ။ မင်းသားကတော့ သုတအောင်၊ မင်းသမီးက မျိုးစန္ဒီကျော်၊ အိမ့်ချစ်ချစ်တို့လို မျက်နှာသစ်တွေနဲ့ နိုင်ငံကြီးသား ၂ကို အရှေ့ကနိုင်ငံကြီးသား ဇာတ်ကားနဲ့ မတူအောင်တစ်မျိုး ပြန်ဖန်တီးမယ်ဆိုတဲ့ အကြောင်းအရာနဲ့ စဖန်တီးဖြစ်တယ်။ ဒီကားကို ရိုက်ဖို့အတွက် ဇာတ်လမ်းကတော့ ခွင့်ပြုချက်ကျပြီ။ ဒါပေမယ့် သက်ဆိုင်ရာဌာနတွေကို ဇာတ်လမ်းကို ပို့ထားသေးတယ်။ ခွင့်ပြုချက်တော့ မရသေးဘူး။ ခွင့်ပြုချက်ရပြီဆိုမှ တန်းရိုက်မယ်။ နိုင်ငံကြီးသား ၂ ကိုရိုက်မယ်ဆိုတဲ့ အချိန်မှာ ကျွန်တော် ကိုနေတိုးကို အရင်ဇာတ်လမ်းပေးတယ်။ ကိုနေတိုးက ဇာတ်လမ်းကို ဖတ်ကြည့်ပြီးတော့ သူကိုယ်တိုင်က ကိုစတီးလ် ဒါကို အငယ်တွေနဲ့ ရိုက်ပါလား။ အငယ်တွေနဲ့ ရိုက်ရင်တော့ ပိုပြီး ကောင်းမယ်လို့ မြင်တယ်လို့ အကြံပေးတယ်။ ဒါလေးကို ကျွန်တော် သဘောကျသွားပြီး မင်းသားကိုသုတအောင် နောက်သရုပ်ဆောင် ဆုပန်ထွာယောကျာ်း ဥက္ကာကျော်ကိုလည်း ဂဠုန်ဦးစောရိုက်ကူးတာမြင်ဖူးတော့ သူ့ကို ဇာတ်တစ်ခုအနေနဲ့ ရိုက်ဖြစ်ချင်တယ်လို့ စိတ်ကူးထားတဲ့အချိန်မှာ ဒီကား လေး ရိုက်ဖို့ တိုက်ဆိုင်လို့ ရိုက်ဖြစ်သွားတာပါ ”လို့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)ကပြောပါတယ်။