၁၄. ၈. ၂၀၂၃
Written by Min Mahar
ရွှေဘိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် နေထိုင်နေကြသော PDF အဖွဲ့များကို ယမန်နေ့ မွန်းလွဲပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမက ဝင်ရောက်စီးနင်းရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၁၃ ရက်) မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ငါးဘတ်ချောင်းကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းအတွင်း အခြေပြု နေထိုင်နေကြသော PDF အဖွဲ့၏ စခန်းတစ်ခုကို လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းရှင်းလင်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF များ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
အဆိုပါ PDF များ အခြေပြုခဲ့သည့် ဘုန်းတော်ကြီးကျောင်းအတွင်း၌ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၄၅ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လုံး၊ ယမ်းမှုန့် ၂၀ ပိဿာ၊ VIGOအမျိုးအစား 4Wကား ၁ စီးနှင့် အိုင်ကွန်အားသွင်းခုံ(မကောင်း) ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။