၁၄. ၈. ၂၀၂၃
Written by Nay Aung
ကနေဒါနိုင်ငံသားတစ်ဦးဖြစ်သည့် နာမည်ကျော် မြန်မာရိုးရာလက်ဝှေ့သမား ဒေဝက ၎င်းအနေဖြင့် ကစားသမားဘဝမှအနားမယူခင် ကမ္ဘောဒီးယားနိုင်ငံတွင် နောက်ဆုံးပွဲစဉ် ထိုးသ-တ်ရန် စီစဉ်ထားပြီး အဆိုပါ ပွဲစဉ်ထိုးသ-တ်ပြီးချိန်တွင် လက်ဝှေ့သမားဘဝမှ အနားယူသွားမည်ဖြစ်ကြောင်း သြဂုတ် ၁၃ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
ဒေဝသည် တိုက်ခိုက်ရေးသမားဘဝနှင့် မွေထိုင်းလက်ဝှေ့သမားဘဝမှ မြန်မာရိုးရာလက်ဝှေ့လောကကို ကူးပြောင်းလာခဲ့ပြီးနောက် မြန်မာလက်ဝှေ့ပွဲစဉ်များကို ၂၀၁၆ ခုနှစ်တွင် စတင်ထိုးသ-တ်ခဲ့ကာ ပြိုင်ဘက်များကို အနိုင်ယူ၍ ချန်ပီယံဆုများရယူနိုင်ခဲ့သူဖြစ်သည်။ အသက် ၃၁နှစ်အရွယ်ရှိ ဒေဝသည် ၂၀၁၉ ခုနှစ်နောက်ပိုင်းတည်းက လက်ဝှေ့ပွဲစဉ်များ ထိုးသတ်ခြင်းမရှိတော့ကြောင်း သိရသည်။ ဒေဝက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော အာဏာအငြင်းပွားမှုများကြောင့် ၎င်း၏လက်ဝှေ့သမားဘဝလည်း လမ်းချော်သွားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ပြီးခဲ့သောသုံးနှစ်အတွင်း ဖြစ်ပွားခဲ့သော ကမ္ဘာအခြေအနေများနှင့် မြန်မာနိုင်ငံ၏အခြေအနေများက ၎င်းအား လက်ဝှေ့သမားဘဝ၌ ဆက်လက်ရပ်တည်ရန် အခက်အခဲများဖြစ်စေခဲ့ကြောင်း ဒေဝ က ထုတ်ဖော်ပြောဆိုထားသည်။
ဒေဝသည် မြန်မာရိုးရာလက်ဝှေ့လောကတွင် ရှုံးပွဲမရှိခဲ့ဘဲ ခြောက်ပွဲနိုင်၊ ခြောက်ပွဲသရေကျခဲ့ပြီး ထွန်းထွန်းမင်း အပါအဝင်မြန်မာရိုးရာလက်ဝှေ့ကျော်များကို ယှဉ်ပြိုင်ထိုးသ-တ်နိုင်ခဲ့သူဖြစ်သည်။ ဒေဝသည် ကစားသမားဘဝမှ အနားမယူခင် ကမ္ဘောဒီးယား လက်ဝှေ့အကျော်အမော် Prum Samnang နှင့် ဖနွမ်းပင်မြို့ တွင် ယှဉ်ပြိုင်ထိုးသ-တ်ရန် စီစဉ်ထားကြောင်းသိရသည်။ ဒေဝသည်ကမ္ဘောဒီးယား ခမာလက်ဝှေ့သမားနှင့် ယှဉ်ပြိုင်ထိုးသ-တ်မှုကို မြန်မာရိုးရာလက်ဝှေ့စည်းကမ်းအတိုင်း ဥရောပတိုက်တွင် ယှဉ်ပြိုင်ထိုးသ-တ်ရန် အစောပိုင်းက စီစဉ်ခဲ့သော်လည်း ကမ္ဘောဒီးယားလက်ဝှေ့သမားသည် ဥရောပတိုက်သို့ သွားရောက်ရန် ဗီဇာမရဘဲဖြစ်ခဲ့ကြောင်းသိရသည်။
ဒေဝက ” ကျွန်တော်ဟာ မိသားစုအတွက် အချိန်ပေးရတော့မယ်။ ကျွန်တော်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ နောက်ဆုံးပွဲတိုက်ခိုက်ဖို့ ဖိတ်ခေါ်ခံထားရတယ်။ အဲဒီပွဲစဉ်က ကျွန်တော်ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်ဖွယ် ရှိနေပါတယ်။ ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့ အဓိကရိုးရာလက်ဝှေ့ပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုတွေရယူနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိပါတယ်။”ဟု ၎င်း၏အင်စတာဂရမ်တွင် ရေးသားဖော်ပြချက်အရ သိရသည်။ ဒေဝ သည် မြန်မာရိုးရာလက်ဝှေ့သမားအဖြစ် ထိုးသ-တ်နေချိန်အတွင်း အလွတ်တန်း Lethwei World Champion ဆုကို ခြောက်ကြိမ်ရယူနိုင်ခဲ့သူဖြစ်ကြောင်းသိရသည်။
Ref- — asianmma