၁၄. ၈. ၂၀၂၃
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးကားလမ်း(၂၁)မိုင်အနီးမှာ သြဂုတ်(၁၃)ရက် ညနေ ၆ နာရီဝန်းကျင်ခန့်က ခြောက်ဘီးကုန်တင်ယာဉ်တစ်စီးဘရိတ်ပေါက်ပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိရာက တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းကနေ သိရပါတယ် ။
အဆိုပါဖြစ်စဉ်မှာ ပြင်ဦးလွင်ဘက်ကနေ မန္တလေးဘက်ကို ပြန်ဆင်းတဲ့ Canter အမျိုးအစားကုန်တင်ယာဉ်က ဘရိတ်ပေါက်ပြီးအရှိန်မထိန်းနိုင်ပဲ လမ်းဘေးသစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့ရာ ယာဥ်ရဲ့ရှေ့ခန်းမှ လိုက်ပါစီးနင်းလာတဲ့ အမျိုးသားတစ်ဦးနဲ့ကလေးငယ် တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသူအမျိုးသားမှာ ဆေးရုံတင်ပို့စဥ် လမ်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရောက်တော့ ကားခေါင်းခန်းမှာ ညပ်နေတဲ့ ဒရိုင်ဘာကိုကယ်ဆယ်ရေးအဖွဲ့တွေက ထုတ်နေတဲ့ အချိန်ပါ။ လူနာ သက်တောင့်သက်သာ ဖြစ်အောင် အတတ်နိုင်ဆုံးကူညီခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာများတယ်၊ သွေးအန်တယ်၊ အရိုးကျိုးထားတယ်ပေါ့။ ဆေးရုံပို့တဲ့ လမ်းမှာပဲ ဆုံးပါတယ်” လို့ ပြင်ဦးလွင်အခြေစိုက် သန္တိသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောပါတယ် ။
ဒဏ်ရာရရှိသူနှစ်ဦးကို သီရိဎထနလူမှုကူညီရေးအသင်းသူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီးအခင်းဖြစ်ပွားရာနေရာကို ပြင်ဦးလွင်ဗဟိုမီးသတ်သင်တန်းကျောင်း၊ ရတနာပုံမီးသတ်တပ်ဖွဲ့ စခန်းကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရောက်ရှိကူညီ ရှင်းလင်းပေးခဲ့ကြတယ်လို့ သိရပါတယ် ။