၁၃ .၈ .၂၀၂၃
Written by Hey Mar
မဟာဓာတ်အားလိုင်းအောက်တည့်တည့်က အိုင်မှာ ငါးမျှားရင်း ငါးမျှားချိတ်နဲ့ ဓာတ်ကြိုးထိမိကာ လူငယ်တစ်ဦး ဓာတ်လိုက်ထိခိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဒီကနေ့ သြဂုတ်လ ၁၃ ရက် မနက်ပိုင်းက ကချင်ပြည်နယ် မိုးကောင်းမြို့၊ ပင်းဘောကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းကနေ သိရပါတယ်။
ဓာတ်လိုက်မှုကြောင့် အသက်၂၃ နှစ်အရွယ် မောင်အောင်လင်းဦးမှာ ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်း လောင်ကျွမ်းထိခိုက်ခဲ့ပြီး မိုးကောင်းတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ် ။
ကမ်းလက် ပရဟိတအသင်းမှ ဥက္ကဌက “သူကိုင်တဲ့ ငါးမျှားတံက တရုတ်ကထုတ်တဲ့ ကော်ချောင်းနဲ့လုပ်ထားတဲ့ ငါးမျှားတံမို့ ကံကောင်းသွားတာ။ စတီးငါးမျှားတံသာဆို သေလောက်တယ်။ ကြိုးကိုဆွဲလိုက်တဲ့ အချိန်မှာ 66kv ကြိုးနဲ့ သွားထိပြီး ဓာတ်လိုက်တာ။ ငါးမျှားတံဆိုတာ ဆံပင်ထွေးတွေလို ဖွာထွက်သွားတာ။ သူ့မှာလည်း ဝတ်ထားတဲ့ အင်္ကျီတွေ ဘောင်းဘီတွေ အကုန်လောင်သွားတာ” လို့ ပြောပါတယ်။
ဓာတ်လိုက်ခံရသူလူငယ်မှာ အခုအခါ မိုးကောင်းတိုက်နယ်ဆေးရုံမှာ ပြန်လည်သတိရလာပြီဖြစ်ပေမဲ့ ဒဏ်ရာတွေများတဲ့အတွက် စကားပြောနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်၊ ကုတင် ၅၀၀ ဆံ့ပြည်နယ်ဆေးရုံကို ထပ်မံလွှဲပြောင်းဖွယ်ရှိပြီး ဆေးကုသစရိတ်လည်း အခက်အခဲရှိနေတယ်လို့ သိရပါတယ်။