၁၃ .၈ .၂၀၂၃
Written by Hey Mar
ကချင်ပြည်နယ် ဖားကန့်မှာ ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က တစ်နိုင်တစ်ပိုင်ကျောက်တူးဖော်တဲ့ လုပ်ကွက်ကနေ မြေစာပုံပြိုကျလို့ လူအယောက် ၄၀ ခန့်ပျောက်ဆုံးနေပြီး ၊ ခုနစ်ယောက် ဆေးရုံတင်ပို့ ကုသနေရတယ်လို့ ဖားကန့်မြို့နယ်အခြေစိုက် ပရဟိတအသင်းကနေ သိရပါတယ် ။
ဖြစ်စဥ်ကို ကျင်းသားတစ်ဦးက လူမှုကွန်ယက်ပေါ် တိုက်ရိုက်ထုတ်လွှင့်ထားပြီး ပြိုကျစဥ် လူတစ်ချို့ ရေနဲ့အတူမျောပါသွားတာကိုလည်း ရုပ်သံထဲမှာ တွေ့မြင်ရပါတယ်။
ကမ်းလက် ပရဟိတ အသင်းမှ တာဝန်ရှိသူက “မိုးတွင်းဆိုတော့ စက်နဲ့တူးတဲ့ ကုမ္ပဏီကြီးတွေကို ပေးမတူးဘူး၊ နားထားရတယ်။ လူနဲ့ပဲ ၅ ပေ ၆ ပေကျင်းလေးတွေ တစ်နိုင်တစ်ပိုင်တူးနေကြတာ။ သူ့ဆိုင်ရာ ပိုင်ရာနဲ့ ဒီလိုပဲ လုပ်စားကြတာ။ တစ်ကျင်းကို ကျင်းသား နှစ်ယောက်လောက်နေ ၁၀ ယောက်လောက်အထိ ရှိတတ်တယ်။ အခုက ကချင်ပြည်နယ်မှာ မိုးက ဆက်တိုက်ရွာနေတော့ မြေတွေက ပွပြီးပျော့နေတယ်။ ကမ်းပါးမှာတူးကြတာမို့ အောက်မှာရေရှိနေတော့ ကမ်းပါးပြိုတယ်ဆို တစ်ခါတည်းပိပြီး ရေထဲပျောက်ကြတာ” လို့ MT News က ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
လက်ရှိအချိန်ထိတော့ အနီးအနားလူတွေ လိုက်လံ စစ်ကြည့်ပြီး စုံစမ်းတဲ့အခါ ပျောက်ဆုံးနေသူ အယောက် ၄၀ နီးပါးရှိနေပြီး သေချာတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ ကယ်ဆယ်ရေးယာဥ်တွေနဲ့ ကယ်ဆယ်ရေးသမားတွေလဲ ရောက်ရှိနေပြီဖြစ်ပေမယ့် မိုးအခြေအနေ ကမ်းပါးအခြေအနေက ထပ်မံပြိုကျနိုင်ဖွယ်ရှိတာမို့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မစတင်သေးဘူးလို့ အဆိုပါ ပရဟိတအသင်းတာဝန်ရှိသူက ပြောပါတယ် ။