၁၃. ၈. ၂၀၂၃
Written By Thandar
ယဉ်ကျေးမှု ဖလှယ်ရေးအတွက် ဦးတည်ပြီး သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာကျင်းပမယ့် အာဆီယံရုပ်ရှင်ပြပွဲအတွက် မြန်မာရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတိုတွေ ပါဝင်ပြသဖို့ ဖိတ်ခေါ်နေတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ပြန် ကြားရေးမှူး ဦးချမ်းသာကြည်စိုးက MT News ကို ပြောပါတယ်။
“အိမ်ရှင်အဖြစ်နဲ့ သီရိလင်္ကာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ငါး နိုင်ငံရုပ်ရှင်ပွဲတော်က ယဉ်ကျေးမှုဖလှယ်ရေးကို အဓိက ဦးစားပေးပြီးတော့ သူ့တို့လုပ်ကြတာပါ။ အခုလက်ရှိမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ပွဲအတွက် လာရောက်လျှောက်ထားတဲ့ ဇာတ်ကားတွေထဲမှာ ဇာတ်လမ်းတို နှစ်ကားတော့ ရထားပါပြီ။ ယဉ်ကျေးမှုဖလှယ်ရေးက အဓိက ဖြစ်တဲ့အတွက် ဒီပွဲတော်အတွက် ဇာတ် ကားတွေ ရွေးချယ်တဲ့အခါမှာလည်း ကျွန်တော်တို့အနေနဲ့ ဇာတ်ကားရဲ့ ရည် ရွယ်ချက်ကို ကြည့်ရတယ်။ ပြီးတော့ ယဉ်ကျေးမှုကို ပိုပြီး ဖော်ကျူးနိုင်တဲ့ကားတွေကို အဓိက ဦးစားပေး ပြီး ရွေးချယ်ရပါတယ်”လို့ ဦးချမ်းသာကြည်စိုးက MT News ကို ပြောပါတယ်။
အဆိုပါ အာဆီယံရုပ်ရှင်ပြပွဲတော်ကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ စက်တင်ဘာလ ဒုတိယပတ်အတွင်းမှာ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီပွဲတော်မှာ ပါဝင်ပြသရန်အတွက် မြန်မာဇာတ်ကားတွေကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲမှတစ်ဆင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖိတ်ခေါ်ထားခြင်းဖြစ်ပါတယ်။ ဇာတ်ကားတွေပါဝင်ပြသလိုသူက ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတိုတွေကို အင်္ဂလိပ်စာတမ်းထိုးထားပြီး သြဂုတ်လ ၁၆ ရက်နောက် ဆုံးထား လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အာဆီယံရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်အပါဝင် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က ဇာတ်ကားတွေလည်း ပါဝင်ပြသမှာ ဖြစ်တယ်လို့သိရပါတယ်။