၁၃. ၈. ၂၀၂၃
Written by Nay Aung
အိန္ဒိယ-မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် ဖြန့်ကြတ်ချထားသော အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် ရူပီး သန်း၂၀နီးပါးတန်ဖိုးရှိသော ကွမ်းသီးများကို မှောင်ခိုတင်သွင်းရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား ၄ဦးကို သြဂုတ်၁၂ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယသတင်းများက ဖော်ပြထားသည်။
အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသကိုဖြတ်သန်းပြီး မဏိပူရပြည်နယ်Kamjong ဒေသသို့ ကုန်ပစ္စည်းများတရားမဝင်တင်ပို့ဖွယ်ရှိနေသည့် သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် အိန္ဒိယ အာသံရိုင်ဖယ် လုံခြုံရေးတပ်ဖွဲ့များသည် နယ်စပ်ဒေသကို လုံခြုံရေးတင်းကြပ်ကာစစ်ဆေးရှာဖွေခဲ့ရာ ကွမ်းသီးများသယ်ဆောင်လာသော ကုန်ကားသုံးစီးကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ကုန်ပစ္စည်းများတင်ပို့ခွင့်တရားဝင် စာရွက်စာတမ်းများပါဝင်ခြင်းမရှိကြောင်း သိရသည်။
အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသဖြစ်သော General Area Humine Thana-Momo ရွာအနီးတွင်ကုန်ကားသုံးစီးကိုတွေ့ရှိစစ်ဆေးခဲ့ပြီး ကားပေါ်တွင် ရူပီး ၁၉သန်းကျော်တန်ဖိုးရှိ တရားမဝင်တင်ဆောင်လာသော ကွမ်းသီးအိတ်၂၀၀ကို တွေ့ရှိခဲ့ကြောင်း အာသံရိုင်ဖယ်တပ်ရင်းနှင့်နီးစပ်သည့်သတင်းအရင်းမြစ်ကပြောသည်။ ထို့အပြင် အဆိုပါကွမ်းသီးများကို တရားမဝင်တင်ပို့ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသားများဖြစ်သည့် လုလု၊ စည်သူဝင်း၊ ဂျော်မိုင်ဦး၊ ရီဟီဝမ်တို့ လေးဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသား လေးဦးသည် အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်ရန်တရားဝင်အသိမှတ်ပြုထားသော စာရွက်စာတမ်းများပါဝင်ခြင်းမရှိကြောင်း အိန္ဒိယအာသံရိုင်ဖယ်တပ်ရင်းက ပြောသည်။
အသေးစိတ်ထပ်မံစစ်ဆေးနိုင်ရန်အတွက် ဖမ်းဆီးထားသော လူနှင့် ပစ္စည်းများကို အိန္ဒိယ သစ်တောဦးစီးဌာနသို့ထပ်မံလွှဲပြောင်းပေးထားကြောင်း အာသံရိုင်ဖယ်တပ်ရင်းနှင့်နီးစပ်သောသတင်းအရင်းမြစ်ကပြောသည်။မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် အကြမ်းဖက်မှုများဖြစ်ပွားလာခဲ့ပြီးနောက် အာသံရိုင်ဖယ်တပ်ရင်းသည် အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသကိုလက်ရှိအချိန်တွင် လုံခြုံရေးတင်းကြပ်ထားပြီး တရားမဝင်ကုန်စည်ပို့ဆောင်မှုများအပြင် လူအဝင်အထွက်များကိုလည်း စောင့်ကြည့်စစ်ဆေးလျက်ရှိနေကြောင်း အိန္ဒိယသတင်းများတွင်ဖော်ပြထားသည်။
Ref- — Northeast Now