၁၃. ၈. ၂၀၂၃
Written By Thandar
ရွှေပြည်သာမြို့နယ်လုံးဆိုင်ရာ ၁၆ ကြိမ်မြောက် ဝါဆိုဝတ်စုံ လှူဒါန်းပွဲနှင့် စာအောင်ဆု ဂုဏ်ပြုချီးမြှင့်ပွဲကို ဩဂုတ်၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သံဒင်း ၂၀ ရပ်ကွက်ရှိ ရွှေရတနာပရဟိတသီလရှင် စာသင်တိုက်မှာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့က ဆရာလေးတို့ရဲ့ ရွှေပြည်သာမြို့နယ်လုံးဆိုင်ရာ ဝါဆိုဝတ်စုံနဲ့ စာအောင်ဆုပေးပွဲလေး ကျင်းပတာပါ။ ရွှေပြည်သာတစ်မြို့နယ်လုံးမှာ ဆရာလေး ၁,၃၀၀ လောက် ရှိပေမဲ့ ဆရာလေးတို့ မတတ်နိုင်လို့ ဆရာလေးကသီလရှင်အပါး ၅၀၀ လှူဒါန်းပွဲလုပ်ဖြစ်တာပါ။ အပါး ၅၀၀ အတွက် ဝါဆိုဝတ်စုံလှူဒါန်းဖို့ကို တော်တော်ရုန်းကန်ရပါတယ်။အရင်နှစ်တွေ အဲ့လောက်မဆိုးပေမယ့် ဒီနှစ်ခက်ခက်ခဲခဲနဲ့ အလှူခံခဲ့ရပါတယ်။ စာအောင်ဆုပေးပွဲကတော့ ရွှေပြည်သာမြို့နယ်လုံးကျွတ် အစိုးရကကျင်းပတဲ့ ပထမပြန်စာမေးပွဲ ကျောင်းပေါင်းစုံက အောင်တဲ့ဆရာလေးတွေကို ပင့်ပြီးဆုပေးပွဲကို ဆရာလေးဦးဆောင် ကျင်းပပေးတာပါ” လို့ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်ရ သီလရှင်ဆရာကြီးဒေါ်ပညာစာရီ (ကျောင်းတိုက်)က MT News ကို မိန့်တော်မူပါတယ်။
ရွှေပြည်သာမြို့နယ်လုံးဆိုင်ရာ ဝါဆိုဝတ်စုံ လှူဒါန်းပွဲနှင့် စာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားအား နမောတဿ (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး အောင်သော်တာ ဆရာကြီး ဒေါ်နန္ဒသိင်္ဂီ ကအဖွင့်အမှာစကား မိန့်ကြားပါတယ်။ ထို့နောက် အလှူရှင်များက သဟဿိက ဒါနဖြင့် ဝတ်စုံဆက်ကပ် လှူဒါန်းခဲ့ရာ အကျိုးတော်ဆောင်ကဆရာကြီးဒေါ်ကဉ္စနမာလာက ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး စာအောင်သီလရှင်ဆရာလေးတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။
နှစ်စဉ်ကျင်းပလျက်ရှိသော ရွှေပြည်သာမြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန်အောင်မြင် သီလရှင် ၃၁ ပါး၊ အထူးအောင် ၅ ပါးတို့ကို ဂုဏ်ပြုချီးမြှင့်ပွဲ နှင့် ပင့်သီလရှင် အပါး ၅၀၀ တို့အား ဝါဆိုဝတ်စုံ လှူဒါန်းပွဲ ပူးတွဲကျင်းပခဲ့တာလည်းဖြစ်ပါတယ်။