၁၃. ၈. ၂၀၂၃
Written by Nyein Kyaw
လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ ပို့ကုန်တင်ပို့မှုလျော့ကျပြီး သွင်းကုန်တင်သွင်းမှု ပို၍များနေခြင်းကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာသန်း ၇၉၀ ခန့် ဖြစ်ပေါ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၄ ရက်အထိ လေးလကျော်တွင် မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၅ ဒသမ ၃၂၈ ဘီလျံသာရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၆ ဒသမ ၁၁၇ ဘီလျံအထိ တင်သွင်းထားသဖြင့် ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၇၈၈ ဒသမ ၅၈ သန်း ပို၍များနေခြင်းကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၇၈၈ ဒသမ ၅၈ သန်း ဖြစ်ပေါ်လျက်ရှိသည်။
လက်ရှိဘဏ္ဍာနှစ်၏ ပထမ လေးလကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ ဒသမ ၄၄၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၀၀ ကျော်လျော့ကျခဲ့ပြီး ပို့ကုန်တင်ပို့မှု ဒေါ်လာသန်း ၅၈၀ ကျော်လျော့ကျခဲ့သည်။ သို့သော် သွင်းကုန်တင်သွင်းမှုတွင် ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၈၀ ကျော် ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းတို့ကို အဓိကတင်သွင်းနေပြီး ပြည်ပသို့ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောတို့ကို အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း စီပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။