၁၃. ၈. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Saphan Sung ခရိုင်ရှိ ဇိမ်ခံအိမ်တစ်လုံးကို သြဂုတ်လ ၁၁ ရက်က ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် နိုင်ငံခြားသားကိုးဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါနေအိမ်မှာ ကျယ်လောင်စွာ သီချင်းဆိုပွဲတွေ ကျင်းပလေ့ရှိတယ်လို့ အိမ်ယာမှာ နေထိုင်သူတွေဆီကနေ တိုင်ကြားမှုရရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးခဲ့ရာမှာတော့ မူးယစ်ဆေးဝါး ပါတီပွဲ ပြုလုပ်နေတဲ့ အိမ်အတွင်းမှာ အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးကို တွေ့ရှိခဲ့တာပါ။
သူတို့ ကိုးဦးမှာ မလေးရှား အမျိုးသား နှစ်ဦး၊ တရုတ်နိုင်ငံသား ငါးဦး (အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး)၊ ဗီယက်နမ် အမျိုးသား တစ်ဦးနဲ့ မြန်မာနိုင်ငံက အမျိုးသား တစ်ဦးတို့ ဖြစ်ကြပါတယ်။
နေအိမ်အတွင်း သိမ်းဆည်းရမိတာတွေကတော့ သစ်သီးဗန်းအတွင်းမှ ကီတာမင်းအမြောက်အများနဲ့ Erimin 5 လို့ ခေါ်တဲ့ မူးယစ်ဆေးဝါး ၂၄ ပြား၊ ကျည်ရှစ်တောင့်ပါတဲ့ ပစ္စတိုတစ်လက် တို့ဖြစ်ပြီး အဆိုပါ နိုင်ငံခြားသား ကိုးဦးကို မူးယစ်ဆေးဝါး အမျိုးအစား ၂ ခု၊ လက်နက်ခဲယမ်းတွေ လက်ဝယ်ထားရှိမှုနဲ့ စွဲချက်တင်ခံထားရသလို သူတို့ ကိုးဦးစလုံးကို ဘန်ကောက်မြို့ ဗန်ချန်းရဲစခန်းမှာ ဥပဒေအရ အရေးယူမှုတွေ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
Ref; Bangkok Post