၁၃. ၈. ၂၀၂၃
Written By Thandar
ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း လူသိများတဲ့ ဇာတ်ပို့ သရုပ်ဆောင်ဖြစ်တဲ့ ကောင်းမိုးယံက လူသိရှင်ကြားဖွင့်ဟခံခဲ့ရတဲ့ သမီးလေးက သူ့ရဲ့ သွေးသားရင်းဖြစ်တယ်လို့ ဖွင့်ဟဝန်ခံလာပါတယ်။
ဩဂုတ်လ ၁၁ ရက်မှာ မထက်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က သမီးလေးတစ်ယောက်နဲ့ မီဒီယာတွေ ရှေ့မှာနာမည်ကြီး ဇာတ်ပို့မင်းသားရဲ့ ကလေးပါ။ ဒီသမီးလေးကို တာဝန်မယူဘဲ ကလေးစရိတ်ကိုလည်း တာဝန်မယူပေးတဲ့အကြောင်းကို ပြောလာတာဖြစ်ပါတယ်။
” ဇာတ်ပို့သရုပ်ဆောင် ကာယကံရှင်ရဲ့ နာမည်ကို ဖွင့်ဟခြင်းမရှိဘဲ နာမည်သုံးလုံးနဲ့ မေးစေ့မှာအချိုင့်ပါတဲ့ ဇာတ်ပို့သရုပ်ဆောင်လို့ ပြောခဲ့ပါတယ်။ ဖြစ်စေချင်တာက သမီးလေးကို တရားဝင် လူသိရှင်ကြား သူကအဖေဖြစ်ကြောင်း ပြောစေချင်တာပါ။ ခုတော့ သူ့ဘက်က တာဝန်ယူစိတ်မရှိဘဲ ရှောင်နေခဲ့တယ်။ အကယ်၍ သမီးလေးရဲ့ ရှေ့ရေးကို ထည့်မတွက်ဘူးဆိုရင် မလွယ်ဘူး ”လို့ မထက်က ပြောပါတယ်။
အဆိုပါ အမျိုးသမီး မထက်က ကလေးရဲ့အဖေ ဇာတ်ပို့မင်းသားနဲ့ သူနဲ့ နှစ်ယောက်သားက မြဝတီမှာ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ပြီး သမီးလေးကို ရခဲ့တယ်လို့ဆိုပါတယ်။
ဩဂုတ်လ ၁၂ ရက်မှာတော့ ဇာတ်ပို့ သရုပ်ဆောင် ကောင်းမိုးယံ ကတော့ “ဟုတ်ကဲ့ပါ ရှင်းပြဖို့ စောင့်နေတာပါ။ အမှန်တရားကိုပြောပါမယ်၊ ကျွန်တော့်သမီးမို့ ကျွန်တော်ခုထိ အမြဲအတူတူ အဆက်အသွယ် မပြတ်ဘူး။ သူ့မှာ သမီးလေး နှစ်ယောက်ရှိတယ်။ ဒီကလေးလေးကတော့ ကျွန်တော့်သမီးလို့ ကျွန်တော်ပြောတယ်။ သမီးလေးကို ကျွန်တော်ရော ကျွန်တော်ရဲ့မိဘတွေရော အသိအမှတ်ပြုပါတယ်။ ဒီကလေးလေးကဘာမှမသိဘဲ မီဒီယာပေါ်တက်သွားတယ်။ သမီးလေး ကို အဖေတစ်ယောက်အနေနဲ့ ဘယ်လို တာဝန်ခံမှု ရှိသလဲဆိုတာ ကျွန်တော် အကုန်လုံး ရှင်းပြချင်တယ်။ ပရိသတ်ကလည်း အထင်လွဲစရာလေးတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့က အကြောင်းအမျိုးမျိုးကြောင့် ရေစက်ပါလို့ ဆုံခဲ့ရတာပါ။ ကျွန်တော် မြဝတီမှာ သူဗိုက်ကြီးတော့ ဆေးခန်းကအစ ပြပေးပြီးအစစအရာရာ စားဝတ်နေရေးကအစမိဘတွေက ထောက်ပံ့ပေးခဲ့တာပါ”လို့ ပရိသတ်သိအောင် ပြောပါတယ်။