▪️တရားဝင်မှတ်ပုံတင်လက်မှတ်ရှိသူသာ Online Trading တွင် ရောင်းဝယ်ခွင့်ပြုရန် စီစဉ်နေ
၁၃. ၈. ၂၀၂၃
Written by Ye Kyaw
ရွှေဈေးကစားသူများကို တိကျစွာသိရှိစေရန် ရွှေအတုံး၊ ရွှေခဲ ရောင်းဝယ်မှုများအတွက် Online Trading အစီအစဉ် ဆောင်ရွက်ရန်လိုအပ်ပြီး အရောင်းအဝယ်ပြုလုပ်နေသည့် ဈေးနှုန်းများ၊ ငွေပေးချေသည့် နည်းလမ်းများ စသည့်အချက်များ စိစစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဩဂုတ်လ ၁၂ ရက်တွင် ပြုလုပ်သည့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံခြားငွေကြေးဈေးကွက်တွင် Online Trading အစီအစဉ်ဆောင်ရွက်သကဲ့သို ရွှေတုံး၊ ရွှေခဲရောင်းဝယ်မှုများအတွက် Online Trading အစီအစဉ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းရွှေ ဈေးကွက်တည်ငြိမ်ခိုင်မာရေးအတွက် အလေးချိန်သတ်မှတ်ချက်စံချိန်စံညွှန်း၊ အရည်အသွေး သတ်မှတ်ချက်စံချိန် စံညွှန်းနှင့် ဈေးနှုန်းသတ်မှတ်တွက်ချက်သည့် လုပ်ငန်းအစီအစဉ် (Mechanism) များအတိုင်း တရားဝင်မှတ်ပုံတင်လက်မှတ်ရှိသူများသာ Online Trading အစီအစဉ်တွင် တရားဝင်စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ရောင်းဝယ်ခွင့်ပြုရန်လိုအပ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
ထို့ပြင် ကြီးကြပ်စစ်ဆေးသူများအနေဖြင့် ရွှေဆိုင်များသည် ဈေးနှုန်းများတည်ငြိမ်မှုမရှိစေရန်နှင့် ကမောက်ကမဖြစ်အောင် ဈေးကစားသူများတွင် ပါဝင်နေခြင်း ရှိ/ မရှိ၊ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များနှင့် လိုအပ်သည့် မှတ်ပုံတင်လက်မှတ်များ ရှိ/ မရှိ၊ အမှန်တကယ် တရားဝင်အရောင်းအဝယ်ပြုလုပ်နေသည့် ဈေးနှုန်းများ၊ ငွေပေးချေသည့် နည်းလမ်းများစသည့်အချက်များကို သေချာစွာ စိစစ်ရန် လိုအပ်ပါကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။
Online Trading အစီအစဉ်တွင် နိုင်ငံခြားငွေ ရောင်းလိုအားနှင့် ဝယ်လိုအားမျှတရန် ဗဟိုဘဏ်အနေဖြင့် လိုအပ်သလို ငွေကြေးပံ့ပိုးပေးနိုင်ခြင်း Financing ဆောင်ရွက်ပေးလျက်ရှိသော်လည်း ငွေကြေးဈေးကွက်တွင် နိုင်ငံခြားငွေကြေးဈေးကစားသူများသည် ကောလာဟလသတင်းအမျိုးမျိုးထုတ်လွှင့်ပြီး ငွေကြေးဈေးကွက်ကမောက်ကမ ဖြစ်စေရန် လှုံ့ဆော်နေသည်ကို အားလုံးသိရှိနိုင်ပါကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။
ဩဂုတ်လ ၁၂ ရက် ညနေပိုင်းတွင် ပြင်ပဈေးကွက်၌ ဒေါ်လာဈေး ကျပ် ၃,၆၀၀ ကျော်သို့ မြင့်တက်ခဲ့သဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျပ် ၃၇ သိန်းအောက်သို့ ပြန်လည်ကျဆင်းနေသည့် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၇ သိန်းခွဲသို့ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။