၁၃. ၈. ၂၀၂၃
Written by Pan Ei
ဆော်ဒီအာရေဗျ နိုင်ငံရဲ့ အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်တဲ့ အယ်နာဆာအသင်းကတော့ သမိုင်းတစ်လျှောက် ပထမဆုံးအာရပ်ကလပ်သင်းများ၏ ချန်ပီယံဖလားဆုကို ရော်နယ်ဒိုရဲ့ သွင်းဂိုး နှစ်ဂိုး နဲ့ အတူ ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။
မနေ့ညက အကြိတ်အနယ်ဖြစ်ခဲ့တဲ့ အယ်နာဆာအသင်းနဲ့ ပြည်တွင်းပြိုင်ဖက် အယ်ဟီလယ်အသင်း တို့ရဲ့ အာရပ်ဖလား ဗိုလ်လုပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒိုက အယ်နာဆာအသင်းအတွက် သွင်းဂိုး နှစ်ဂိုး ရယူပေးကာ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ဖလားကို ဆောင်ကြဉ်းပေးခဲ့တာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်မှာ အယ်နာဆာအသင်းက ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာကြောင့် အသင်းနဲ့အတူ ဆုဖလားမရယူနိုင်ခဲ့ဘဲ အခု ဖလားရရှိခဲ့တဲ့ အာရပ်ကလပ်သင်းများချန်ပီယံဖလားပြိုင်ပွဲမှာတော့ ဒေသတွင်းက အာရပ်ထိပ်သီးကလပ်အသင်းတွေ ယှဉ်ပြိုင်ကစားကြပြီး ဆော်ဒီအာရေးဗျ၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အီရတ်၊ မော်ရိုကို၊ တူနီးရှားနှင့် အယ်လ်ဂျီးရီးယားတို့က အသင်းတွေပါဝင်ပါတယ်။
အယ်နာဆာအသင်းဟာ ပွဲချိန် ၅၁ မိနစ် အချိန်မှာ အယ်ဟီလယ် အသင်းရဲ့ ဦးဆောင်ဂိုးသွင်းယူတာကို ခံခဲ့ရပြီး ပွဲချိန် ၇၁ မိနစ်မှာလည်း နောက်ခံ ကစားသမား Abdulelah Al-Amri က အနီကဒ်နဲ့ ထုတ်ခံခဲ့ရတာကြောင့် အနိုင်ပွဲနဲ့ အလှမ်းဝေးတော့မလို ဖြစ်ခဲ့ရပေမဲ့လည်း ရော်နယ်ဒိုရဲ့ ကောင်းမွန်လှတဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ စိတ်အားထက်သန်မှုတွေကြောင့် ပွဲချိန် ၇၄ မိနစ်မှာ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာ အယ်နာဆာအသင်းရဲ့ ကစားသမား Nawaf Boushal ကလည်း အနီကဒ် ထပ်မံထိခဲ့သလို နာကျင်ချိန် အချိန်ပိုပွဲချိန် ၃၀ မိနစ်ထပ်မံကစားရဖို့ ဖြစ်လာခဲ့ပါတယ်။
ပွဲချိန် ၉၈ မိနစ်မှာတော့ ရော်နယ်ဒိုက အယ်နာဆာအသင်းအတွက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကာ အချိန်ပိုနဲ့ ပွဲချိန် မိနစ် ၁၂၀ ပြည့်တဲ့ အချိန်မှာတော့ ချန်ပီယံဆုကို အရ သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲစဉ်ပြီးဆုံးချိန်မှာလည်း အာရပ်ဖလား ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံးဆုကို ရော်နယ်ဒို က သွင်းဂိုး (၆) ဂိုးနဲ့ ရရှိခဲ့ပါသေးတယ်။
နှစ်ယောက်လျော့အနေအထားဖြစ်နေတဲ့ အသင်းအတွက် စိတ်အားထက်သန်မှုတွေနဲ့အတူ ကြိုးစားရုန်းကန်ပေးရင်း အနိုင်ဂိုးတွေ ရယူပေးကာ အယ်နာဆာအသင်းနဲ့အတူ ပထမဆုံးချန်ပီယံဆုဖလားကို ကိုင်မြှောက်ခဲ့တဲ့ အသက် ၃၈ နှစ် ရော်နယ်ဒိုကတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းပြနေတုန်းပဲဆိုတာတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။
Ref; Reuters