၁၃. ၈. ၂၀၂၃
Written by Ye Kyaw
နေပြည်တော်ရှိ သုခဝတီ ပြည်သူ့အငှားအိမ်ရာစီမံကိန်း ပြီးစီးပြီဖြစ်၍ အိမ်ရာအတွင်းရှိ အိမ်ခန်းပေါင်း ၄၄၈ ခန်းကို ပြည်သူများနေထိုင်နိုင်ရန် နေရာချထားပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဩဂုတ်လ ၁၂ ရက်တွင် ပြုလုပ်သည့် အဆိုပါအိမ်ရာစီမံကိန်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
သုခဝတီ ပြည်သူ့အငှားအိမ်ရာတွင် အိမ်ခန်းပေါင်း ၄၄၈ ခန်းကို ပြည်သူများသို့ နေရာချထားပေးမည် ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင်လည်း အိမ်ခန်းပေါင်း ၃,၁၀၄ ခန်းကို ပြည်သူများသို့ နေရာချထားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောကြားသည်။
သုခဝတီ ပြည်သူ့အငှားအိမ်ရာသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ရှိပြီး နေထိုင်သူများ အဆင်ပြေစေရန် အိမ်ခန်း တစ်ခန်းလျှင် ဧည့်ခန်း၊ အိပ်ခန်း နှစ်ခန်း၊ မီးဖိုခန်းနှင့် ရေချိုးခန်း/ သန့်စင်ခန်းတို့ပါဝင်သည့် လေးခန်းတွဲ ငါးထပ် အဆောက်အဦ ၂၈ လုံး၊ အိမ်ခန်းပေါင်း ၄၄၈ ခန်းကို ဆောင်ရွက်ပြီးစီး၍ ပြည်သူများအား နေရာချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် မန္တလေးမြို့ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာကို ဖွင့်လှစ်ပေးခဲ့ပြီး အိမ်ခန်းပေါင်း ၁,၄၅၆ ခန်းကို ပြည်သူများသို့ နေရာချထားပေးပြီးဖြစ်ကြောင်း၊ ပြည်သူများအတွက် ပြင်ပငှားရမ်းခများထက် သက်သာသည့် နှုန်းထားများဖြင့် ငှားရမ်းနေထိုင်နိုင်ရေး နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့တို့တွင် ပြည်သူ့အငှားအိမ်ရာများကို နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုအနေဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
Photo-Credit