၁၂. ၈. ၂၀၂၃
Written by Pan Ei
အမေရိကန် ဟာဝိုင်အီကျွန်းစုမှာ အခုသီတင်းပတ်အတွင်း တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် သေဆုံးသူဦးရေမှာ ၈၀ အထိ ရှိလာပြီးဖြစ်ကြောင်း ဟာဝိုင်အီရှိ တာဝန်ရှိသူတွေက ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။
ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ သေဆုံးသူဦးရေမှာ ထပ်မံတိုးလာဖွယ်ရှိကြောင်းလည်း အုပ်ချုပ်ရေးမှူး Josh Green က ပြောကြားခဲ့ပြီး အခုလက်ရှိ လူ ၁,၄၁၈ ယောက်က အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ ရှိနေတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေကို ဆက်လက်ရှာဖွေဖို့ အနံ့ခံ ခွေးတွေကိုလည်း ဖြန့်ကြက်ထားတယ်လို့ Maui ခရိုင် မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
ဒီတောမီးလောင်ကျွမ်းမှုဟာ ၁၉၆၀ ပြည့်နှစ် ဆူနာမီကြောင့် လူပေါင်း ၆၁ ဦး သေဆုံးခဲ့စေမှုကို ကျော်လွန်ကာ ဆယ်စုနှစ်များစွာအတွင်း ပြည်နယ်ရဲ့လူအသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ်ဖြစ်လာခဲ့ပါတယ်။
တောမီးလောင်ကျွမ်းလို့ လူ့အသက်တွေ ဆုံးရှုံးရတာကြောင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ချိန်မှာတော့ လူ ၅၃ ဦး သေဆုံးခဲ့ပြီးဖြစ်ကာ အခုချိန်အထိတော့ သေဆုံးသူ လူ ၈၀ ဦးအထိ တိုးလာခဲ့တာပဲဖြစ်ပါတယ်။ Maui ကျွန်း ပြန်လည်ကောင်းမွန်ဖို့အတွက်တော့ နှစ်ပေါင်းများစွာအချိန်ယူရမှာဖြစ်သလို ဒေါ်လာဘီလျံပေါင်းများစွာလည်းကုန်ကျလိမ့်မယ်လို့ သိရပါတယ်။
Ref; AFP