၁၂. ၈. ၂၀၂၃
Written by Ye Kyaw
နိုင်ငံတော်မှ အရန်ဆန်အိတ်ရေ ငါးသိန်းကို ထပ်မံဝယ်ယူစုဆောင်း၍ သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများသို့ ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဩဂုတ်လ ၁၂ ရက်(ယနေ့) မွန်းလွဲပိုင်းတွင် နိုင်ငံတော်အရန်ဆန် ဝယ်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် အရန်ဆန်ဝယ်ယူရေး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်အတူ ဒုတိယအကြိမ် ဝယ်ယူစုဆောင်းနေသည့် နိုင်ငံတော်အရန်ဆန်များ စုဆောင်းထားရှိမှုကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် အရန်ဆန်အိတ်ရေ နှစ်သိန်းကို ယခုနှစ် မေလအတွင်း ပထမအကြိမ် ဝယ်ယူစုဆောင်းခဲ့ပြီး သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ နိုင်ငံတော်မှ ဖြန့်ခွဲပေးပို့ခဲ့ပြီးဖြစ်သည်။
ယခုအခါ ထပ်မံ၍ သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများသို့ ဆက်လက် ပံ့ပိုးပေးနိုင်ရေးအတွက် နိုင်ငံတော်အရန်ဆန်ဝယ်ယူရေး ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို ညှိနှိုင်း၍ ဒုတိယအကြိမ် ဆန်အိတ်ရေ ငါးသိန်းကို ထပ်မံဝယ်ယူ စုဆောင်းကာ သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများသို့ ဆက်လက်ပို့ဆောင်ပေးရန် စီစဉ်ထားရှိမှုအပေါ် ဝယ်ယူစုဆောင်းထားသည့် အရန်ဆန်များ သတ်မှတ်အရည်အသွေးနှင့် အလေးချိန်ပြည့်မီခြင်း ရှိ/ မရှိ စစ်ဆေးပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သဘာဝဘေးသင့် ဒေသများသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။