၁၂. ၈. ၂၀၂၃
Written by Min Mahar
ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ အစိုးရရုံးများနှင့် ဝန်ထမ်းအိမ်ယာများကို KNU၊ PDF ပူးပေါင်းအဖွဲ့တို့က ယမန်နေ့ညပိုင်းက ဗုံးခွဲဖျက်စီးခဲ့ပြီး ယနေ့မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှင်းလင်းနေစဉ်အတွင်း လဝကရုံးတွင် မပေါက်ကွဲသေးသည့် ဗုံး ၄ လုံးကိုလည်း တွေ့ရှိခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၁၁ ရက်) ည ၁၁ နာရီခန့်က ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ အစိုးရရုံးများဖြစ်သော ခရိုင်လဝကရုံး၊ ခရိုင်ဥပဒေရုံး၊ မြို့နယ်တရားရုံး၊ မြို့နယ်စာရင်းစစ်ရုံး၊ မြို့နယ်အခွန်ရုံး၊ ထွေအုပ်ဝန်ထမ်းအိမ်ယာနှင့် ခရိုင်လဝကဦးစီးမှူးနေအိမ်တို့အား KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့က ဗုံးခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပြီး ပျက်စီးသွားခဲ့သောကြောင့် ယနေ့မနက်ပိုင်းတွင် ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ရဟန်းသံဃာများနှင့် တာဝန်ရှိသူများမှ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာများအား ဝိုင်းဝန်းရှင်းလင်းမှုပြုလုပ်နေစဉ်အတွင်း ခရိုင်လဝကရုံးတွင် မပေါက်ကွဲသေးသည့် ဗုံး ၄ လုံးကိုထပ်မံတွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမ်းပျော့ကပ်၍ ဖောက်ခွဲဖျက်စီးခဲ့ရကြောင်း သိရသည်။
” မနေ့ည ၁၁ နာရီလောက်က ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတယ်။ မနက်မှ အစိုးရရုံးတွေနဲ့ အိမ်ယာတွေကို KNU နဲ့ PDF တွေကပေါင်းပြီး ဖောက်ခွဲတာလို့ကြားတာပဲ။ ပျက်စီးမှုကတော့ တော်တော်များတယ်လို့လည်းကြားသေးတယ်။ လူအသေအပျောက်တော့ မကြားမိဘူး။ မိုးလင်းတော့ စစ်သားတွေ ရဲတွေ မီးသတ်တွေ ပရဟိတသမားတွေနဲ့ ရဟန်းသံဃာတွေပါ ပေါင်းပြီးသန့်ရှင်းရေးဝိုင်းလုပ်နေကြတာတွေ့တယ်။ ခရိုင်လဝကရုံးမှာလည်း မပေါက်သေးတဲ့ ဗုံး ၄ လုံးလည်း ထပ်တွေ့လို့ ဖောက်ခွဲဖျက်စီးလိုက်တယ်လို့ကြားတယ်။ အခုပေါက်တဲ့အစိုးရရုံးတွေက လူနဲ့ပစ္စည်းတွေဘာမှမရှိတော့ဘူး။ အဲ့ KNU နဲ့ PDF တွေခြိမ်းခြောက်လို့အရင်လကတည်းက အကုန်ထွက်ပြေးတိမ်းရှောင်ကုန်ကြပြီ”ဟု ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောပြသည်။
အဆိုပါဖာပွန်မြို့ရှိ အစိုးရရုံးများမှ ဝန်ထမ်းများကို KNU နှင့် PDF အဖွဲ့တို့က ခြိမ်းခြောက်မှုများကြောင့် မနေရဲကြတော့ပဲတိမ်းရှောင်နေကြပြီး အစိုးရရုံးများနှင့် ဝန်ထမ်းအိမ်ယာများတွင် လူ၊ ပစ္စည်းများတစ်ခုမျှမရှိတော့သည့်အပြင် အစောင့်များလည်း တစ်ဦးမှမရှိသဖြင့် ယခုကဲ့သို့ အဆောက်အဦအခွံများကိုသာ အလွယ်တကူ ဖောက်ခွဲဖျက်စီးခဲ့ခြင်း ဖြစ်သည်။ ထိုမြို့ပေါ်တွင် ဖာပွန်တပ်နယ်မှ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများသာ ကျန်ရှိနေကြောင်းလည်း သိရသည်။