၁၂. ၈. ၂၀၂၃
Written by Min Mahar
လက်ပံတန်းမြို့တွင် မှုခင်းရှုထောင့်မြို့နယ်အတွင်းရေးမှူးအား PDF နှစ်ဦးက “စရဖသတင်း ပေးချင်ဦးဟာ”ဟုပြောကာ သေနတ်ဖြင့်ပစ်သ-တ်ခဲ့ပြီး အနီးရှိ ခရီးသွားအမျိုးသားတစ်ဦးကိုပါ ကျည်ထိမှန်၍ ဒဏ်ရာရရှိမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိ ရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၂ ရက်) မနက် ၁၀ နာရီဝန်းကျင်ခန့်က ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ မြို့မရပ်ကွက်၊ လမ်းမတော်လမ်းရှိ စိန်စပါယ်ဦးရုပ်ရှင်ရုံရှေ့တွင် လက်ပံတန်းမြို့၊ မင်းရပ်ရပ်ကွက်၊ လမ်းသွယ်(၁၇)၌ နေထိုင်သည့် မှုခင်းရှုထောင့်မြို့နယ်အတွင်းရေးမှူး ဦးကျင်ထွေး(မှုခင်းရှုထောင့်သတင်းထောက်)အား ဆိုင်ကယ်တစ်စီးဖြင့် PDF အဖွဲ့မှ အမည်မသိလူငယ်နှစ်ဦးရောက်လာပြီး “စရဖသတင်းပေးချင်ဦးကွာ”ဟုပြောကာ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်သွားပြီး အနီးတွင်ဖြတ်သန်းသွားသော အသက် ၂၈ နှစ်အရွယ် ခရီးသွားအမျိုးသားတစ်ဦးကိုပါ သေနတ်ကျည်ထိမှန်သွားခဲ့ကြောင်း ပစ်ခတ်မှုအနီးတွင်ရှိ နေသော ဒေသခံတစ်ဦးက ၎င်း၏မြင်တွေ့မှုကို MT News သတင်းဌာနသို့ ပြောပြချက်အရ သိရသည်။
အဆိုပါပစ်ခတ်ခဲ့မှုကြောင့် မှုခင်းရှုထောင့်မြို့နယ် အတွင်းရေးမှူးဦးကျင်ထွေးတွင် ဦးခေါင်း ယာဘက်ကို ဖောက်ဝင်သွားသည့် ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားကြောင်းနှင့် ခရီးသွားအမျိုးသားသည်လည်း ယာဘက်ဝမ်းဗိုက်ကို ဖောက်ဝင်သွားသောဒဏ်ရာတစ်ချက်ရရှိခဲ့ရာ သေဆုံးသူအလောင်းနှင့် ဒဏ်ရာရရှိသွားသည့်လူနာအား ဒေသခံလူမှုကူညီရေး ယာဉ် ဖြင့် လက်ပံတန်းဆေးရုံသို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။