၁၂. ၈. ၂၀၂၃
Written by Peya
အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် သင်ကြားနေသည့် ယခင် ဘာသာရပ်ငါးခုအပြင် ထပ်တိုး ဘာသာရပ် အသစ်တစ်ခုကို ယခု ပညာသင်နှစ်က စတင်ကာ သင်ကြားပေးမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် လေးနှစ်သင်တန်းများအဖြစ် ဂီတ ဘာသာရပ်၊ သဘင် ဘာသာရပ်၊ ပန်းချီ ဘာသာရပ်၊ ပန်းပု ဘာသာရပ်၊ ရုပ်ရှင်နှင့် ပြဇာတ်ဘာသာရပ်တို့ကို သင်ကြားပေးနေခြင်း ဖြစ်ကာ ယခု ၂၀၂၃-၂၀၁၄ ပညာသင်နှစ်က စတင်ပြီး ယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲမှု ပညာဘာသာရပ်ကို တိုးချဲ့ သင်ကြားရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။
“ဘာသာရပ်အသစ်က ဒီပလိုမာ မဟုတ်ဘူး။ ဘွဲ့အနေနဲ့ တိုးမှာပါ။ မေဂျာ ခြောက်ခု ဖြစ်သွားပါတယ်” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ MT New သတင်းဌာနသို့ ပြောသည်။
အဆိုပါ တက္ကသိုလ်တွင် လေးနှစ် သင်တန်းပြီးပါက သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘီအေဘွဲ့ကို ပေးအပ်မည်ဖြစ်ပြီး တက်ရောက်လိုသည့် ကျောင်းသားကျောင်းသူများသည် လျှောက်လွှာတင်ပြီးသည့်နောက် သတ်မှတ်ထားသည့်ရက်တွင် ဝင်ခွင့်အတွက် လူတွေ့စစ်ဆေးခြင်းကိုလည်း ပြုလုပ်မည် ဖြစ်သည်။
“အခုလို မေဂျာတိုးတာက ကောင်းပါတယ်။ နောက်ဆုံးတိုးခဲ့တဲ့ မေဂျာက ရုပ်ရှင်နဲ့ ပြဇာတ် ဘာသာရပ်ပါ။ သင်ရိုးညွှန်တမ်းတွေကို ပြုစုနေတယ်ဆိုတာတော့ ကြားထားတာပါ။ အခုတော့ သင်ကြားမယ်ဆိုတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံအတွက်လည်း ပထမဆုံး သင်ကြားမယ့် ဘာသာရပ်ပါ” ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦး က ဆိုသည်။
မြန်မာနိုင်ငံတွင် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့ တွင် တက္ကသိုလ်အဆင့်များဖြင့် ဖွင့်လှစ်ထားရှိကာ အဆိုပါ ဘာသာရပ်အသစ်ကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) တွင်လည်း ထပ်တိုး သင်ကြားရန် ရှိ၊ မရှိကို မသိရသေးကြောင်းလည်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သိရသည်။