၁၂. ၈. ၂၀၂၃
Written by Hey Mar
ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ကရွတ်ကျေးရွာမှာ ရေပေါ်ရေလျှံ တံငါလုပ်သားတစ်ဦး ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်က ငါးဖမ်းထွက်ရင်းပျောက်ဆုံးခဲ့ရာ ယမန်နေ့ ဩဂုတ်လ ၁၁ ရက်က ရေစပ်ကနေ သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရမ္မဝတီ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ကို ပြောပါတယ် ။
သေဆုံးသူမှာ အသက်( ၇၅ ) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဩဂုတ်လ ၁၀ ရက် ညနေ ၃ နာရီလောက်က နေအိမ်မှလှေဖြင့်ထွက်သွားပြီးနောက် နေအိမ်သို့ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေ၍ မိသားစုမှလိုက်လံ ရှာဖွေရာ လှေကိုသာရေစုန်အတိုင်းမျောနေတာကို ဆယ်ယူရရှိခဲ့တယ်လို့ သိရပါတယ်။
“ ရုပ်အလောင်းကို ညနေက ပြန်တွေ့တော့ ငါးဖမ်းပိုက်ကွန်တွေက ခြေထောက်မှာငြိလျှက်နဲ့ ကော့ကရွတ်ရွာနဲ့ ကော့ပလိုင်ရွာရှောင်လမ်းရေစပ်မှာ ပြန်တွေ့တယ်။ ကော့ကရိတ်မှာလည်း ရေတွေကြီးတာက တစ်ရွာလုံးရေ ပတ်လည်ဝိုင်းနေတာ။ အမြင်အရပြောရရင်တော့ ကွန်ပစ်ရာမှာပိုက်က သူ့ခြေမှာပြန်ပတ်ပြီး ရေထဲထိုးကျတာ ဖြစ်မယ်”လို့ ရမ္မဝတီ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက MT News ကိုပြောပါတယ် ။
ရုပ်အလောင်းကို ရမ္မာဝတီလူမှုကူညီရေးအသင်းမှ ကော့ဘိန်းသုဿာန်မီးသဂြိုလ်စက်နေရာသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ရမ္မဝတီလူမှုကူညီရေးအသင်း