၁၁. ၈ .၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၂၄) ရပ်ကွက်လမ်းထောင့်က အမှိုက်ကန်ကို အမှိုက်လာသိမ်းတဲ့ စည်ပင်ဝန်ထမ်းတချို့ အမှိုက်ကန်ကနေတွေ့ရှိတဲ့ တရုတ်စာတမ်းပါစီးကရက်ဗူးကို ဖွင့်ဖောက်သောက်သုံးမိရာက မူးဝေသတိလစ်လဲကျခဲ့တဲ့ဖြစ်စဥ်တစ်ခု မနေ့က သြဂုတ်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်ပြုစုကုသမှုတွေ သွားရောက်ကူညီ လုပ်ဆောင်ပေးခဲ့တဲ့ ရှင်သန်ခွင့်လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မြိုတော်စည်ပင်သာယာရေးကော်မတီအမှိုက်သိမ်းယာဉ်က ဝန်ထမ်းလေးဦးဟာ (၂၄) ရပ်ကွက် နံ့သာမြိုင်လမ်းနဲ့ နဝရတ်(၁)လမ်းထောင့်က အမှိုက်ကန်ကို အမှိုက်လာသိမ်းရင်း အိတ်အမဲနဲ့ထုပ်ပိုးထားတဲ့ အမှိုက်ခြောက်အိတ်အတွင်းကနေ တရုတ်စာတမ်းပါ ရွှေရောင်စီးကရက်ဗူးကိုတွေ့ရှိပြီး ဆေးလိပ်ကို ဖွင့်ဖောက်စမ်းသပ် သောက်သုံးရာက သုံးဦးမှာ ဆေးလိပ်တစ်ဝက်ခန့် ဖွာရှိုက်အပြီးမှာပင် မူးမေ့သတိလစ်လဲကျခဲ့တယ်လို့ သိရပါတယ်။
“ကျွန်မတို့ကို သူတို့ အမှိုက်သိမ်းယာဥ်ပေါ်က လူတွေကပဲ လှမ်းပြီး အကူအညီတောင်းတာ၊ အသင်းက ရောက်သွားတော့ မျက်မြင်တွေ့ရတဲ့ပုံစံက ကန်ဘေးကနေရာလွတ်မှာ ပက်လက်လန်လျှက်အနေအထားနဲ့က သုံးယောက်မှာ တစ်ယောက်က နှာခေါင်းသွေးပါ လျှံနေတာ၊ နှစ်ယောက်က သတိမေ့နေတာ၊ တစ်ယောက်ကတော့ စကားမေးရသေးတယ် ´´ လို့ ရှင်သန်ခွင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ကိုပြောပါတယ်။
မူးမေ့လဲကျနေတဲ့သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စီစဥ်ညွှန်ကြားချက်နဲ့ မြေပြင်ပြုစုကုသမှုတွေ လုပ်ဆောင်ပေးပြီး တောင်ဒဂုံ ၂၅ ရပ်ကွက်နဲ့ ၂၄ ရပ်ကွက်က လူနာတင်ယာဥ်တွေနဲ့ မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။