MT News
Written by Min Mahar
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ယာဥ်ထိန်းရဲတပ်ဖွဲ့လိုင်းခန်းအား PDF နှစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် ပေါက်ကွဲမှု ဩဂုတ် ၉ ရက် မနက်က ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၉ ရက် မနက် ၁၀ နာရီ ၃၀ ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြားတွင်ရှိသည့် ယာဥ်ထိန်းရဲတပ်ဖွဲ့၏ ဝန်ထမ်းလိုင်းခန်းအား PDF လူငယ်နှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ၈၂ လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်ရောက်ရှိလာကာ ကွန်ကျူးပိုက်အနက်ရောင်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်အသံမိုင်း တစ်လုံးဖြင့် ပစ်ပေါက်ပြီး ၈၂ လမ်းအတိုင်း တောင်ဘက်သို့ ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
အဆိုပါ လက်လုပ်အသံမိုင်းသည် ယာဥ်ထိန်းရဲတပ်ဖွဲ့လိုင်းခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း လူနှင့် အဆောက်အဦထိခိုက်မှု တစ်စုံတစ် ရာမရှိကြောင်းနှင့် ၎င်းဝင်းအတွင်း ကင်းတာဝန်ကျနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း သေနတ်ဖြင့် ၃ ချက် ပြန်လည် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း ပေါက်ကွဲမှုအနီး နေထိုင်သူတစ်ဦးပြောပြချက်အရ သိရသည်။
ယင်း လက်လုပ်အသံမိုင်း ပစ်ပေါက်သွားသည့် PDF အဖွဲ့မှ လူငယ်နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှလည်း အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။