MT News
Written by Nay Moe
NUG ၏ ဩဇာခံ PDF များက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ရွာများမှ ဖမ်းဆီးချုပ်နှောင်ထားပြီး ငွေညှစ်နေသော နိုင်ငံ့ဝန်ထမ်းနှင့် ကျေးရွာသူ၊ ကျေးရွာသား၊ စုစုပေါင်း ၃၀ ဦးအား ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာရှိ နေအိမ် ၂ လုံးအတွင်းမှ ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင်ခဲ့သည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းကုန်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ လယ်ကွင်းများ၌ စပါးစိုက်ပျိုးနေကြသည့် ဒေသခံပြည်သူ ၂၁ ဦးနှင့် နွား၊ သိုး၊ ဆိတ်နှင့် လှည်းများအား ဩဂုတ် ၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် PDF များက အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားပြီး အဆိုပါ ကျေးရွာသူ၊ ကျေးရွာသားများအား ငွေကြေးဖြင့် လာရောက်ရွေးရန် အတင်းအဓမ္မခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများက ဖမ်းဆီးခံ ကျေးရွာသူ၊ ကျေးရွာသားများအား ပြန်လည် ကယ်တင်ပေးရန် နယ်မြေခံတပ်သို့ လာရောက်အကူအညီတောင်းခံခဲ့သည်။
ထိုသို့ ဒေသခံပြည်သူများ၏ လာရောက်အကူအညီတောင်းခံမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြေပြင်သတင်းဖော်ထုတ်၍ ယနေ့နံနက် ၁ နာရီခန့်တွင် PDF များ ယာယီအခြေပြုနေထိုင်သည့် ခင်ဦးမြို့နယ်၊ ရွာသန်း ကျေးရွာသို့ ဝင်ရောက်စီးနင်း ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် PDF များ ဖမ်းဆီးထားသော ဘုန်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အပြစ်မဲ့ဒေသခံပြည်သူ ၂၉ ဦးနှင့် မီးသတ်ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၃၀ ဦးတို့အား ကယ်ဆယ်နိုင်ခဲ့ပြီး PDF များထံမှ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်ဗုံးသီး ၄၂ လုံး၊ လက်လုပ်ရှော့တိုက်ဒုံး၁၂ လုံး၊ လက်လုပ်သေနတ် ၄ လက်၊ မိုင်းမျိုးစုံ ၁၆ လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။
ထိုဖြစ်စဥ်တွင် အပြစ်မဲ့ပြည်သူများကို PDF များ ဖမ်းဆီးငွေညှစ်မှုမှာ ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး ထိုသို့ဖမ်းဆီးငွေညှစ်သူ NUG, PDF များကို အရေးယူနိုင်ရေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။