NUG ၏ နွေဦးတော်လှန်ရေးကာလအတွင်း PDF များက သံဃာ ၈၁ ပါးနှင့် သီလရှင်ဆရာကြီးတစ်ပါး သတ်ဖြတ်ထား
MT News
မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ မော်နီကုန်းကျေးရွာ၊ အောင်မင်္ဂလာ ဘုန်းတောင်ကြီးသင်ပညာရေးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာကို ဩဂုတ်လ ၈ ရက် ညပိုင်းတွင် PDF များက လာရောက်ဖမ်းဆီးပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်၍ သတ်ဖြတ်ခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
အောင်မင်္ဂလာဘုန်းတောင်ကြီးသင်ပညာရေးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာသည် သက်တော် (၄၁) နှစ်၊ ဝါတော် (၂၀) ရှိပြီဖြစ်ပြီး ဆရာတော်သည် မိဘမဲ့ ကလေးငယ်များကို သင်္ကန်းစည်းပေးကာ ကိုရင်ဝတ်ပေးထားခြင်းများအပါအဝင် ကျောင်းသားကျောင်းသူ ၂၀၀ ခန့် စောင့်ရှောက်ထားသည်။
ဒေသခံများ၏ အဆိုနှင့် တယ်လီဂရန်တွင် ပျံ့နှံ့နေသောပုံများအရ ဆရာတော်ဦးစန္ဒိမာကို PDF များက ဦးခေါင်း၊ ခန္ဓာကိုယ်၊ ခြေ၊ လက်တို့ကို ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ထစ်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး MT News သတင်းဌာနအနေဖြင့်လည်း မတ္တရာ PDF များ၏ ဆရာတော်ဦးစန္ဒိမာကို သတ်ဖြတ်လုယက်သည့်ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေကာ ထပ်မံသိရှိရသည်ကို ဖော်ပြပေးမည်ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ဩဂုတ် ၃ ရက်အထိ စာရင်းများအရ NUG ဩဇာခံ PDF များက ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drone ယာဉ်များအသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း သံဃာအပါး ၈၀ နှင့် သီလရှင်ဆရာကြီးတစ်ပါး PDF များ သတ်ဖြတ်မှုအောက်တွင် ပျံလွန်တော်မူထားရကြောင်း သိရသည်။